DVB Logo
Home
မြန်မာသတင်း
ယင်းမာပင်၊ ကနီနှင့် ချောက်တွင် စစ်တပ် ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦး သေဆုံး၊ ၃ ဦး ဒဏ်ရာရပြီး နေအိမ် ၅ လုံးပျက်စီး
DVB
·
January 16, 2025
ယင်းမာပင်၊ ကနီနှင့် ချောက်တွင် စစ်တပ် ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦး သေဆုံး၊ ၃ ဦး ဒဏ်ရာရပြီး နေအိမ် ၅ လုံးပျက်စီး
Donate to DVB

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့မြောက်ခြမ်းက ကျောက်မှော်ကျေးရွာကို‌ ဇန်နဝါရီ ၁၅ ရက်‌ ၂ နာရီကျော်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် အရပ်သား ၂ ယောက် ထိခိုက်ဒဏ်ရာ ရရှိပြီး လူနေအိမ် ၅ လုံး ပျက်စီးတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အဆိုပါပစ်ခတ်မှုကို ချင်းတွင်းမြစ်အရှေ့ဘက်ကမ်းမှာရှိတဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကနေ စစ်ကြောင်းထိုး ထွက်ခွာလာတဲ့ စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တာလို့လည်း သိရပါတယ်။

ဒေသခံရွာသားတယောက်က “နမခကနေ အနောက်ဘက် ချင်းတွင်းမြစ်ကမ်းကို စစ်ကြောင်းထိုးလာပြီး ဦးသာပုံကိုင်း ကျေးရွာကနေ ပစ်ခတ်ခဲ့တာဗျ။ ပစ်တဲ့ လက်နက်ကြီးက ၃ လုံး ပစ်ခဲ့တာဗျ။ အဲဒီလိုပစ်ခတ်လို့ ကျနော်တို့ရွာထဲ ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိကာ‌ လူနေအိမ် အဆောက်အအုံ ၅ လုံးလည်း ပျက်စီးခဲ့တာဗျ။ ထိခိုက်တဲ့ ပြည်သူက အသက် ၃၂ နှစ်အရွယ် အမျိုးသားတဦး ဦးခေါင်းထိခိုက်ဒဏ်ရာရရှိပြီး အသက် ၃၅ နှစ်အရွယ် အမျိုးသားတဦး ညာလက် ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့တယ်” လို့ ပြောပါတယ်။

ယင်းမာပင်မြို့နယ် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတယောက်က “အခုရက်ပိုင်း နမခကို လက်နက်ကြီး ရှော့တိုက်ဒုန်း ၅ လုံးနဲ့ ပစ်ခတ်ခံရပြီး ဒီကောင်တွေ အထိနာလို့ အခုလို ရမ်းသန်းပစ်ခတ်နေတာဗျ။ အခုလည်း ညနေ ၅ နာရီကျော်မှာ ထပ်ပစ်နေသေးတယ်။ ပြည်သူတွေအနေနဲ့ သွားသတိ၊ လာသတိနဲ့ စစ်ရေးအသိရှိကြဖို့ အသိပေးပါရစေ” လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ နွားခြံကုန်းရွာကိုလည်း အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ  ဇန်နဝါရီ ၁၄ ရက် ညနေ ၃ နာရီခွဲကျော်မှာ ဒရုန်းယာဉ်နဲ့ ဗုံးသီးချလို့ ကလေးငယ်တယောက် ကျည်စထိမှန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

နွားခြံကုန်းရွာသားတယောက်က “ချတဲ့နေရာက ကျနော်တို့ရွာရဲ့ သာယာကုန်းဘုရားအနီးက ဝပ်ရှော့ပြင်တဲ့ အိမ်နေရာကို ချခဲ့တာဗျ။ လမ်းပေါ်မှာဆော့နေတဲ့ ကလေးကို တင်ပါးကို ကျည်စထိမှန်ပြီး မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့တာပါဗျ။ အခုတော့ ဒဏ်ရာရတဲ့ ကလေးကတော့ ဆေးဝါးကုသမှု ပေးနေပါပြီ၊ သက်သာပါတယ်။ ဗုံးကျတဲ့ နေရာက အိမ်တလုံးလည်း ပျက်စီးခဲ့သေးတယ်” လို့ ပြောပါတယ်။

နွားခြံကုန်းရွာဟာ ကနီမြို့နယ်နဲ့ ယင်းမာပင်မြို့နယ် အစပ်မှာ တည်ရှိပြီး စစ်တပ်အထိုင်ချ ရုံးစိုက်ရာ နမခ စစ်တပ်နဲ့လည်း ၄ မိုင်ခန့်သာ ဝေးကွာတဲ့ ကျေးရွာလည်း ဖြစ်ပါတယ်။

ကနီမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေက ကျေးရွာအားလုံးကို ထိန်းချုပ်ထားပြီး ကနီမြို့နဲ့ ‌‌‌‌‌‌‌‌‌‌‌‌‌‌အလယ်ကျွန်းရွာကိုသာ စစ်တပ်က ထိန်းချုပ်ထားနိုင်တာလည်း ဖြစ်ပါတယ်။

ကနီမြို့နယ်နဲ့ ယင်းမာပင်မြို့နယ်ဟာ ပြည်သူ့ကာကွယ်ရေးတပ်တွေ စိုးမိုးထားတဲ့နယ်မြေတွေဖြစ်ပြီး စစ်တပ်ဘက်က စစ်ကြာင်းမထိုးနိုင်တာ ၃ နှစ်နီးပါးအထိ ရှိနေပြီလို့လည်း သိရပါတယ်။

မကွေးတိုင်း၊ ချောက်မြို့နယ်မှာ ဇန်နဝါရီ ၁၅ ရက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စစ်ကြောင်းထိုးရင်း ပြည်သူ ၂ ယောက်ကို ပစ်သတ်သွားတယ်လို့ သိရပါတယ်။

Chauk Guerrilla Force (CGF) ရဲ့ ပြန်ကြားရေးတာဝန်ခံက “ချောက်မြို့နယ်၊ ထိန်စမ်းတိုက်နယ်ထဲက ရွာတွေကို စစ်တပ်က စစ်ကြောင်းထိုးပြီးတော့ လမ်းမှာတွေ့တဲ့ ပြည်သူ ၂ ဦးကို ပစ်သတ်သွားကြတယ်။ ရွာသား ၁ ယောက်ကိုလည်း ဖမ်းခေါ်သွားကြတယ်။ သူတို့ ပစ်သတ်သွားတဲ့ ရွာသားအလောင်းတွေကိုလည်း ကျနော်တို့အဖွဲ့ကပဲ မီးသင်္ဂြိုဟ်ပေးခဲ့တာပါ” လို့ ပြောပါတယ်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းဟာ ဇန်နဝါရီ ၁၅ ရက် မနက် ၆ နာရီခွဲဝန်းကျင်မှာ ကုန်းကြီး ပျူစောထီးကျေးရွာကနေ အင်အား ၁၀၀ နီးပါးနဲ့ ထိန်စမ်းတိုက်နယ်ထဲက ထိန်စမ်းကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာတာလို့ ဆိုပါတယ်။

Chauk Guerrilla Force (CGF) တာဝန်ခံ ကိုပိုင်က “အဲဒီစစ်ကြောင်းဝင်လာတယ်ဆိုတာ ကြိုသတင်းရလို့ ထိန်စမ်းရွာကို ဝင်လာတဲ့လမ်းကနေပဲ ကြိုစောင့်ပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာပါ။ သူတို့ဘက်က အထိအခိုက်များတယ်။ ဒဏ်ရာရတဲ့ကောင်တွေကို ကားတွေနဲ့ပို့တာ မနည်းဘူး။ သေတဲ့ကောင်တွေလည်း ရှိတယ်ကြားတယ်။ အတိအကျတော့ မသိရသေးဘူးဗျ” လို့ DVB ကို ပြောပါတယ်။

တိုက်ခိုက်ခံရတာကြောင့် အထိနာတဲ့ အဆိုပါစစ်ကြောင်းဟာ မနက် ၁၀ နာရီခွဲဝန်းကျင်မှာတော့ ကုန်းကြီး ပျူစောထီးကျေးရွာဘက်ကို ပြန်လည်ဆုတ်ခွာသွားကြတယ်လို့လည်း သူက ဆက်ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို Chauk Guerrilla Force (CGF) နဲ့အတူ ချောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ချောက် ပကဖ)၊ မကွေးခရိုင် ပကဖ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့၊ ချောက်မြို့နယ် တော်လှန်ရေးတပ်ပေါင်းစုတွေ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာလို့ သိရပါတယ်။

ဇန်နဝါရီ ၁၄ ရက်ကလည်း ချောက်မြို့ပေါ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အင်အား ၁၀၀ နီးပါးနဲ့ ဆည်ကန်ကျေးရွာကို ဝင်ရောက်ပြီး လူနေအိမ် ၃ လုံးကို မီးရှို့ခဲ့သလို လင်းတကိုင်းကျေးရွာအတွင်းက ပြည်သူပိုင် တန်ဖိုးကြီးပစ္စည်း ကာလတန်ကြေး သိန်း ၇၀၀ နီးပါးလောက်နဲ့ ဆေးရုံထဲက ဆေးဝါးနဲ့ ဆေးရုံသုံးပစ္စည်းတွေကိုပါ ကားတွေနဲ့ ယူဆောင်သွားခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013