DVB Logo
Home
မြန်မာသတင်း
ရခိုင်-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေးပြန်စ၊ မောင်တောမှ ကုန်ပစ္စည်းများ တိုက်ရိုက်ပို့ဆောင်
DVB
·
January 16, 2025
ရခိုင်-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေးပြန်စ၊ မောင်တောမှ ကုန်ပစ္စည်းများ တိုက်ရိုက်ပို့ဆောင်
Donate to DVB

အာရက္ခတပ်တော် (AA) သိမ်းပိုက်ထားတဲ့ ရခိုင်ပြည်နယ်၊ မောင်တောမြို့ကနေ ထွက်ခွာလာတဲ့ ကုန်တင်လှေတစီးဟာ ဇန်နဝါရီ ၁၂ ရက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနက်ဆိပ်ကမ်းကို ရောက်ရှိပြီး ကုန်ချခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်အခြေစိုက် Dhaka Tribune သတင်းမှာ ဖော်ပြပါတယ်။

တလကျော်ကြာ ရပ်တန့်နေတဲ့ နှစ်နိုင်ငံကုန်သွယ်ရေးဟာ ဇန်နဝါရီ ၁၂ ရက်မှာ ပဲအိတ် ၃၅၀ တင်ဆောင်လာတဲ့ မော်တော်ဘုတ်တစီး တက္ကနက်ဆိပ်ကမ်းမှာ စတင်ဆိုက်ကပ်လာပြီး တင်သွင်းခွင့်ပြေစာကို ဆိပ်ကမ်းအာဏာပိုင်တွေထံ တင်ပြပြီးနောက် တနင်္လာနေ့မှာ ကုန်ချခွင့်ပြုခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီဘုတ်ပေါ်မှာ ပါလာတဲ့ ပဲမျိုးစုံ အိတ် ၃၅၀ ကို နိုင်ငံတဝန်းကို ဖြန့်ဖြူးသွားမှာ ဖြစ်တယ်လို့လည်း ရေးသားထားပါတယ်။

တက္ကနပ်ဆိပ်ကမ်းမှာ ရခိုင်ဘက်က ကုန်စည်တင်ပို့ခဲ့မှုနဲ့ပတ်သက်ပြီး ဆိပ်ကမ်းလည်ပတ်မှု တာဝန်ခံထားတဲ့ United Land Port ကုမ္ပဏီရဲ့ မန်နေဂျာ ဆာယက်ဒ်မိုဟာမက်ဒ် အန်ဝါဟော့စ်စိန်က  အတည်ပြုခဲ့ပါတယ်။

အန်ဝါဟော့စ်စိန်က “မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေဟာ နှစ်နိုင်ငံကုန်သွယ်မှုကို သိသိသာသာ ထိခိုက်စေခဲ့သလို တက္ကနက် ဆိပ်ကမ်းရှိ သွင်းကုန်-ထုတ်ကုန်လုပ်ငန်းတွေ ရပ်တန့်လုနီးပါးဖြစ်ခဲ့ပြီး နယ်စပ်ဒေသတွေမှာ ကုန်သွယ်မှု ဆိုးရွားစွာ ကျဆင်းနေတယ်” လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ အခြေအနေတွေ တည်ငြိမ်ပြီးနောက် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးတွေ ပြန်လည်ဦးမော့လာဖို့ ဘင်္ဂလားဒေ့ရှ် ကုန်သည်တွေဘက်ကလည်း မျှော်လင့်နေကြပါတယ်။

မြန်မာနိုင်ငံတွင်း အခြေအနေတွေ မတည်မငြိမ်ဖြစ်ပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှာလည်း လုပ်ငန်းလည်ပတ်မှုတွေ ရပ်ဆိုင်းထားရမှုနဲ့ပတ်သက်ပြီး ကုန်သည်အမျိုးသမီးတယောက်ဖြစ်တဲ့ အူလာက “ကျမတို့ ကုန်ပစ္စည်းအတော်များများ မြန်မာနိုင်ငံမှာ ပိတ်မိနေတယ်။ ကျမတို့ရဲ့ လုပ်ငန်းလည်ပတ်မှုတွေကို လုံးဝရပ်ဆိုင်းထားရတယ်။ မြန်မာနိုင်ငံ အခြေအနေ မကြာခင် တည်ငြိမ်လာမယ်လို့ မျှော်လင့်ပြီး တက္ကနက်ဆိပ်ကမ်းမှာ သွင်းကုန်လုပ်ငန်းတွေ ပုံမှန်ပြန်ဖြစ်မယ်လို့ မျှော်လင့်ပါတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့လအတွင်းမှာလည်း မြန်မာနိုင်ငံဘက်က ပဲအိတ် ၁,၅၆၀ ကို တက္ကနက် ဆိပ်ကမ်းကတဆင့် တင်သွင်းခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံဘက်က ကုန်စည်တင်သွင်းမှုဟာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၃ ရက်မှာ နောက်ဆုံးတင်သွင်းခဲ့တာဖြစ်ပြီး အာရက္ခတပ်တော်က မောင်တောမြို့နယ်ကို ဒီဇင်ဘာ ၈ ရက်မှာ သိမ်းပိုက်ပြီးနောက် ပထမဆုံးတင်သွင်းလာမှု ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်-ရခိုင် တိုက်ရိုက်ကုန်သွယ်မှုလုပ်နေတဲ့ မောင်တော ကညင်ချောင်း စီးပွားရေးဇုန်နဲ့ စစ်တွေ ရွှေမင်းဂံ စီးပွားရေးဇုန်တွေဟာ ၂၀၂၃ ခုနှစ် နိုဝင်ဘာကတည်းက ရပ်တန့်နေတာဖြစ်ပြီး မောင်တောမြို့နယ်ကို AA က သိမ်းပိုက်ပြီးနောက်မှာ ကညင်ချောင်းဆိပ်ကမ်းက ကုန်သွယ်မှုတချို့ ပြုလုပ်မှုရှိလာတယ်လို့ ရခိုင်ကုန်သည်တွေက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားလာပြီးနောက် ဘင်္ဂလား-မြန်မာ ကုန်သွယ်ရေးကို စစ်ကောင်စီနဲ့ နီးစပ်တဲ့ ကုန်သည်တချို့က ရန်ကုန်ကနေ့တဆင့် ကုန်သွယ်မှုလုပ်ခဲ့ကြပြီး မောင်တောမြို့နယ်ကို AA သိမ်းပိုက်ပြီးနောက် ကုန်သွယ်မှု ရပ်တန့်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက်က ULA ရဲ့ အခွန်တံဆိပ်နဲ့ တင်သွင်းလာတဲ့ ဆန်တင်ပို့မှုကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ငြင်းပယ်မှုတွေလည်း ရှိခဲ့ကြပါတယ်။

Source: Dhaka Tribune

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013