DVB Logo
Home
မြန်မာသတင်း
ရွှေသောင်ယံ ဒေသခံများ စစ်ဘေးမရှောင်ရန် စစ်ကောင်စီ တားမြစ်၊ ချောင်းသာတွင် စစ်ရေးပြင်
DVB
·
January 15, 2025
ရွှေသောင်ယံ ဒေသခံများ စစ်ဘေးမရှောင်ရန် စစ်ကောင်စီ တားမြစ်၊ ချောင်းသာတွင် စစ်ရေးပြင်
Donate to DVB

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့က အရပ်သားတွေကို စစ်ဘေးရှောင် နေရပ်စွန့်ခွာတာ မလုပ်ဖို့ စစ်ကောင်စီတပ်နဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက လိုက်လံသတိပေး တားမြစ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အာရက္ခတပ်တော် (AA) နဲ့ မဟာမိတ်တပ်တွေက ရွှေသောင်ယံမြို့အနီးမှာရှိတဲ့ မကျီးဇင် တိုက်နယ်အဆင့် ကျေးရွာနဲ့ စစ်ကောင်စီရဲ့ ကမ်းခြေရဲစခန်းကို ဇန်နဝါရီ ၉ ရက်က သိမ်းယူပြီးနောက် ရွှေသောင်ယံမြို့နဲ့ ပတ်ဝန်းကျင်ကျေးရွာတွေက ဒေသခံတွေ တိုက်ပွဲကြောက်လို့ နေ့စဉ်နီးပါး နေ့ရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေတာလို့ ဆိုပါတယ်။

ရွှေသောင်ယံဒေသခံတယောက်က “ခင်ဗျားတို့ ဘာမှ ဖြစ်စရာအကြောင်းမရှိဘူး၊ ဘယ်မှ သွားစရာမလိုဘူး ဆိုပြီး အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ စကစတပ်က လိုက်ပြောနေတာ။ တိုက်ပွဲဖြစ်ခဲ့တဲ့ မကျီးဇင်နဲ့ ဒီနေရာက နီးနီးလေး။ ဒီဘက်ရောက်လာရင် မလွယ်ဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီ ရဲစခန်းနဲ့ မကျီးဇင်ရွာကို အာရက္ခတပ်တော် (AA) က သိမ်းယူပြီးနောက် မကျီးဇင်၊ ဘောမီ၊ ဝက်သေ အပါအဝင် ကျေးရွာ ၉ ရွာလောက်နဲ့ ရွှေသောင်ယံမြို့ပေါ်က ဒေသခံတွေဟာ သာပေါင်း၊ ချောင်းသာ၊ ငွေဆောင်နဲ့ ပုသိမ် စတဲ့မြို့တွေနဲ့ မြို့နယ်တွေဘက် ထွက်ပြေးတိမ်းရှောင်နေကြတာလို့ သိရပါတယ်။

ရွှေသောင်ယံမြို့ခံ တယောက်က “သူတို့က ဘာမှမဖြစ်ဘူးသာ ပြောတာ။ ရဲစခန်းနဲ့ ရွာကြီးတောင် အသိမ်းခံထားရပြီလေ။ မိသားစုတချို့ကို သာပေါင်းဘက်ပို့ထားတယ်။ သူတို့ စစ်ကားတွေနဲ့ စစ်သားတွေပဲ ရှုပ်ယှက်ခတ်နေတာနဲ့တင် ကြောက်ဖို့ကောင်းနေပြီ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက အရပ်သားတွေကို နေရပ်စွန့်ခွာ စစ်ဘေးတိမ်းရှောင်တာ မလုပ်ဖို့ တားမြစ်ကန့်သတ်နေပေမဲ့ တပ်မိသားစုတွေနဲ့ ဝန်ထမ်းမိသားစုတွေကိုတော့ ပုသိမ်ဘက် ပြောင်းရွှေ့ပေးနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း တိုက်ပွဲကြောက်လို့ ပိတ်ထားတဲ့ ရွှေသောင်ယံမြို့ပေါ်နဲ့ ရပ်ကွက်ကျေးရွာတွေက ဒေသခံတွေရဲ့ ဈေးဆိုင်တွေနဲ့ စားသောက်ဆိုင်တွေကို စစ်ကောင်စီတပ်နဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက ဖိအားပေး လိုက်လံ ဖွင့်ခိုင်းခဲ့သေးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ချောင်းသာမြို့မှာလည်း စစ်ကောင်စီတပ်က လတ်တလော စစ်ရေးပြင်ဆင်မှုတွေနဲ့အတူ စစ်ရေးလှုပ်ရှားမှုတွေရှိနေတယ်လို့ ဒေသတွင်းနေထိုင်သူတွေက ပြောပါတယ်။

ချောင်းသာမှာ စစ်ကောင်စီတပ်ဟာ တပ်စခန်းအသစ်တွေချတာ၊ စစ်ရေးအသုံးပြုကိရိယာတွေ တိုးချဲ့တာ၊ စခန်းတွေရဲ့ လုံခြုံရေးပိုင်း ပြင်ဆင်တာတွေရှိနေတယ်လို့ ချောင်းသာ သတင်းရင်းမြစ်တယောက်က ပြောပါတယ်။

“လတ်တလောအခြေအနေကတော့ ကျောက်မောင်နှမမှာ သူတို့ တပ်ချထားတယ်။ ပြီးတော့ စကားဝါတောင်နဲ့ အကောက်တောင်မှာက ဘုန်းကြီးတွေကို ဖယ်ခိုင်းပြီး အမြောက်တွေ ဆင်နေတယ်။ ကမ်းကြီးတပ်မှာလည်း ကတုတ်ကျင်း ပတ်လည်တူးထားကြတယ်။ မြို့ထဲလည်း စစ်ဆေးတာတွေ ကျပ်လာပြီး စစ်သားတွေ နေရာပိုယူလာကြတယ်။”

ချောင်းသာမှာ စစ်ကောင်စီရဲ့ အရင်ကတည်းက တပ်စွဲထားတဲ့ ကမ်းကြီးတပ်ရှိထားပြီး အဆိုပါနေရာကို ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းက ကျင်းတွေပတ်လည်တူးပြီး ပြင်ဆင်မှုနေတဲ့အပြင် ဇန်နဝါရီ ၁၀ ရက်လောက်ကလည်း ချောင်းသာမြို့ခွဲမှာ စစ်တပ်သုံး လေယာဉ်ကွင်းတစ်ခုကို စစ်ဘက်ဆိုင်ရာအင်ဂျင်နီယာတွေနဲ့ အရေးပေါ်တည်ဆောက်နေပါတယ်။

ချောင်းသာမှာ စစ်ကောင်စီတပ်က စစ်ရေးပြင်ဆင်နေတဲ့အတွက် ချောင်းသာဒေသခံတွေဟာ မြို့ကို အလုံးအရင်းနဲ့ စွန့်ခွာနေကြပါတယ်။

ချောင်းသာ ဒေသခံတယောက်က “ချောင်းသာကလူတွေ အကုန်နီးပါး ပြေးကုန်ကြပြီ။ မြို့ကနေ ထွက်တဲ့သူများတော့ ကားခတွေလည်း ဈေးတအားတက်နေတယ်။ တိုက်ပွဲက ဒီရက်ပိုင်းထဲ ဖြစ်လာမယ်လို့လည်း သတင်းတွေကြားနေရတော့ မြို့ထဲမှာ စိုးရိမ်မှုတွေ တော်တော် မြင့်တက်နေကြတယ်” လို့ ဆိုပါတယ်။

ချောင်းသာဒေသဟာ လက်ရှိ အာရက္ခတပ်တော် (AA) ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေတဲ့ ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ် ဂွမြို့နယ်အစပ်ဒေသတွေနဲ့ ကမ်းခြေပတ်လမ်း တခုတည်း တည်ရှိနေတာလည်း ဖြစ်ပါတယ်။

ဇန်နဝါရီ ၉ ရက်က AA နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်ခဲ့တဲ့ မကျီးဇင်ဒေသဟာလည်း ချောင်းသာနဲ့ မိုင် ၃၀ လောက်အကွာမှာရှိနေပြီး ချောင်းသာဘက်ကို တိုက်ပွဲကူးစက်လာနိုင်ခြေရှိနေတာကြောင့် ဒေသခံတွေ စစ်ဘေးတိမ်းရှောင်နေကြတာလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013