DVB Logo
Home
မြန်မာသတင်း
လက်နက်ကြီးကြောင့် ကော့ကရိတ်ပြည်သူ ၁ ဦးသေဆုံး၊ ကျုံဒိုးအခြေစိုက်တပ်ရင်းများ တိုက်ခိုက် မခံရရေး ခံစစ်ပြင်နေ
DVB
·
January 15, 2025
လက်နက်ကြီးကြောင့် ကော့ကရိတ်ပြည်သူ ၁ ဦးသေဆုံး၊ ကျုံဒိုးအခြေစိုက်တပ်ရင်းများ တိုက်ခိုက် မခံရရေး ခံစစ်ပြင်နေ
Donate to DVB

ကရင်ပြည်နယ် ကော့ကရိတ်မြို့တောင်ဘက်မှာ ဇန်နဝါရီ ၁၄ ရက်က စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှူကြောင့် ကော့ကရိတ်မြို့တောင်ဘက် တမိုင်ကုန်းရွာက ပြည်သူတယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကော့ကရိတ်မြို့ တမိုင်ကုန်းရွာက ဈေးဆိုင်အခုရဲ့ အရှေ့ဘက်မှာ ထိုင်စကားပြောနေစဉ် စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲတာကြောင့် ပြည်သူတယောက် သေဆုံးခဲ့ပြီး အချို့ ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ကရင်ပြည်နယ်အတွင်းရှိ ကော့ကရိတ် မြဝတီ အာရှလမ်းပိုင်းမှာ တိုက်ပွဲပြင်းထန်နေသလို စစ်ကောင်စီက လေယာဥ်နဲ့ ဗုံးကြဲတာကြောင့် နေအိမ်နဲ့ ဆိုင်ခန်းတွေ ပျက်စီးခဲ့ပြီး မပေါက်ကွဲသေးတဲ့ ကျည်တွေလည်း ရှိတာကြောင့် ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

ကျုံဒိုးမြို့မှာလည်း စစ်ကောင်စီက ခမရ ၅၄၅၊ ခမရ ၅၄၆ တွေ တိုက်ခိုက်မခံရအောင် ခံစစ်ပြင်ဆင်နေတာကြောင့် တိုက်ပွဲတွေ ပြင်းထန်လာမှာကို ဒေသခံတွေ စိုးရိမ်နေပါတယ်။ 

ကရင်ပြည်နယ် ကျုံဒိုးမြို့နဲ့  ဂျိုင်းတံတားနေရာ၊ ခမရ ၅၄၅၊ ခမရ ၅၄၆ တပ်ရင်းတွေ တိုက်ခိုက်မခံရရေး ၊ ကွန်ကရစ်ဘန်ကာတွေ၊ စစ်ကတုတ်ကျင်းတွေ၊ ဆက်သွယ်ရေး တူးမြောင်းတွေ တပ်ခြံစည်းရိုးတွေကို အဆင့်မြှင့်တင် ပြုပြင်ထားပါတယ်။ 

ဒါ့အပြင် ကော့ကရိတ် ၉၇၊ လှိုင်းဝ စကခ ၁၂ နဲ့ လက်အောက်ခံတပ်ရင်းက  တပ်မိသားစုတွေအကုန်လုံးကို ဂျိုင်းဘက်ကမ်းကို ပြောင်းရွှေ့ထားပါတယ်။

စစ်ရှောင်အရေးကူညီပေးနေသူတယောက်က “ဒေသခံတွေအတွက်ကတော့ အရမ်းကို စိုးရိမ်စရာကောင်းတယ်။ အလန့်မပေးဘူး။ သတိမပေးဘူး။ အကြောင်းမကြားဘူး။ သူတို့ရဲ့ တပ်မိသားစုကိုပဲ သူတို့ အကြောင်းကြား အသိပေးပြီး ရွှေ့ပြောင်းခိုင်းထားတာ။ ဒေသခံတွေက ဗိုလ်နေမြဲကျားနေမြဲပဲ။ ဘာသတင်းအချက်အလက်မှလဲ မကြားဘူး။ စာဖတ်လိုက်တယ် ဖတ်ပြီး ဂရုမစိုက်ဘူး။ ဒီလိုပဲနေကြတာပဲ။ သူတို့အတွက်ကတော့ လူမျိုးရေး၊ ကျန်းမာရေး၊ စီးပွားရေး နောက်ဆုံးကတော့  အသက်အိုးအိမ်နဲ့ စည်စိမ်ပိုင်းဆိုင်ရာ အရမ်းစိုးရိမ်ရတယ်။ ဒီအခြေအနေက” လို့ ပြောပါတယ်။

ကျုံဒိုး အခြေစိုက် ခမရ ၅၄၅၊ ခမရ ၅၄၆ စစ်တပ်က  မိဂလုံ၊ ရေပူ၊ ကမ္မရိုက်ကျေးရွာတွေဘက်ကို လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်တာတွေ မကြာခဏ  လုပ်ဆောင်နေပါတယ်။
ဒါ့အပြင် ဂျိုင်းမြစ်အတွင်း စစ်ကောင်စီ ရေတပ်သ‌င်္ဘောကနေ မွန်-ကရင် နယ်စပ်က ကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေတယ်လို့  ဒေသခံတွေက ပြောပါတယ်။ 

စစ်ကောင်စီက စစ်ရေးပြင်ဆင်နေတာကြောင့်  ကျုံဒို့မြို့ပေါ်နဲ့ အနီးအနား ကျေးရွာတွေမှာ တိုက်ပွဲတွေ ပြင်းထန်လာမှာကို စိုးရိမ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတယောက်က “ဘယ်အချိန်ဘယ်ကာလ ဘာဖြစ်မလဲဆိုတာ ကြောက်ရွံ့နေကြရတယ်။ စစ်ဘက်ဆိုင်ရာက အဲလိုရွှေ့တယ်ပြောင်းတယ်ဆိုတာက စစ်ကားပြောင်းတာတော့ သိတာပေါ့။  စစ်တပ်မိသားစုပြောင်း မပြောင်းတော့လဲ ပြည်သူတွေအနေနဲ့ အဲလောက်ထိမသိဘူး။ ပုံမှန်ထက်ကို အခြေအနေက ငြိမ်သက်နေတယ်။ အသံကြီးတွေ  တိုက်ပွဲဖြစ်တာတွေ မရှိပေမဲ့ စိုးရိမ်နေရတာပေါ့။ ဘယ်အချိန်ပြောင်းရမလဲ စိတ်ပူနေရတယ်” လို့ ပြောပါတယ်။

ဇန်နဝါရီလအတွင်း မြဝတီ-ကော့ကရိတ်-ကျုံဒိုးလမ်းပိုင်းမှာ နေ့တိုင်းလိုလို စစ်ကောင်စစ်ကြောင်းတွေနဲ့  KNLA မဟာမိတ်ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားနေတဲ့အပြင်  ကော့ကရိတ်-မြဝတီ(အာရှ)လမ်းပိုင်းနဲ့ အောက်ဗိုလ်တဲ့ လမ်းဟောင်းကို ၁ လအတွင်း ပြန်လည်သိမ်းပိုက်နိုင်ဖို့ စစ်ကောင်စီက   အောင်ဇေယျစစ်ကြောင်းကို အင်အားဖြည့် တင်းနေတယ်လို့ မြေပြင် ရှေ့တန်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ 

အောင်ခန့်/ဖိုးစီ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013