DVB Logo
Home
မြန်မာသတင်း
ချောက်နှင့်ဒီပဲယင်းတွင် စစ်တပ်က နေအိမ်များကို မီးရှို့ပြီး ပစ္စည်းများ ခိုးယူ
DVB
·
January 15, 2025
ချောက်နှင့်ဒီပဲယင်းတွင် စစ်တပ်က နေအိမ်များကို မီးရှို့ပြီး ပစ္စည်းများ ခိုးယူ
1 / 3
Donate to DVB

မကွေးတိုင်း၊ ချောက်မြို့နယ်မှာ ဇန်နဝါရီ ၁၄ ရက်နေ့က စစ်ကောင်စီတပ်စစ်ကြောင်းထိုးပြီး လူနေအိမ် ၃ လုံးကို မီးရှို့ဖျက်ဆီးသွားကြသလို ကျေးရွာဆေးရုံနဲ့ လူနေအိမ်တွေက ပစ္စည်းတွေကိုလည်း ခိုးယူသွားခဲ့ကြတယ်လို့ သိရပါတယ်။

Chauk Guerrilla Force (CGF) ရဲ့ ပြန်ကြားရေးတာဝန်ခံက “ချောက်မြို့ပေါ်ကနေ မနက်အစောကြီးထွက်လာတဲ့ စကစစစ်ကြောင်းက လင်းတကိုင်းတိုက်နယ်ထဲကရွာတွေကို စစ်ကြောင်းထိုးပြီး လူနေအိမ်တွေကို မီးရှို့တယ်။ ပြည်သူပိုင်ပစ္စည်းတွေကိုလည်း အတင်းလုပြီး ကားတွေနဲ့ တင်သွားကြတယ်ဗျ။ လင်းတကိုင်းရွာဆေးရုံထဲက ဆေးပစ္စည်းတွေနဲ့ ဆေးရုံအသုံးအဆောင်တွေလည်း ယူသွားကြတယ်” လို့ ပြောပါတယ်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းဟာ ဇန်နဝါရီ ၁၄ ရက်နေ့ မနက်စော ၃ နာရီဝန်းကျင်မှာ ချောက်မြို့အခြေစိုက် ခလရ ၁၃ ကနေ ကား ၄ စီးနဲ့ အင်အား ၁၀၀ နီးပါးပါဝင်ကာ မနက် ၇ နာရီဝန်းကျင်မှာ ဆည်ကန်ကျေးရွာကိုဝင်ရောက်ပြီး လူနေအိမ် ၃ လုံးအား မီးရှို့ခဲ့ကြတာလို့ ဆိုပါတယ်။ 

မနက် ၉ နာရီဝန်းကျင်မှာလည်း ဆည်ကန်ကျေးရွာနဲ့ ၁ မိုင်နီးပါးသာဝေးတဲ့ လင်းတကိုင်းကျေးရွာကို ဆက်လက်ဝင်ရောက်ပြီး ကျေးရွာအတွင်းက ပြည်သူပိုင်တန်ဖိုးကြီးပစ္စည်းတွေနဲ့ ကျေးရွာဆေးရုံထဲက ဆေးဝါးနဲ့ ဆေးရုံသုံးပစ္စည်းတွေကိုပါ ကားတွေ နဲ့ တင်ဆောင်သွားကြတယ်လို့ ဆိုပါတယ်။

“သူတို့စစ်ကြောင်းကနေ လက်နက်ကြီးတွေနဲ့လှမ်းပစ်တာတွေရှိတယ်။ ရွာတွေထဲတော့မကျဘူး။ ဆည်ကန်ရွာက လူဦးရေ ၈၀၀ နီးပါးနဲ့ လင်းတကိုင်းရွာက လူဦးရေ ၁၅၀၀ နီးပါးရှိတယ်။ စစ်ကြောင်းဝင်လာလို့ အကုန်ထွက်ပြေးကြရတယ်။ စစ်ကြောင်းပြန်ထွက်သွားပြီးတော့ ရွာခံတချို့က သူတို့ရွာတွေထဲ ပြန်လာကြတယ်။ စစ်ခွေးတွေယူသွားတဲ့ ပစ္စည်းတွေက မနည်းဘူးဘဲ။ ဆေးရုံကပစ္စည်းတွေရဲ့တန်​ဖိုးမပါ သူတို့ယူသွားတဲ့ ပြည်သူပိုင်ပစ္စည်းတွေရဲ့ ကာလတန်ဖိုး သိန်း ၇၀၀ ဖိုးလောက်ရှိမယ်ဗျ” လို့ Chauk Guerrilla Force (CGF) ရဲ့ တာဝန်ခံ ကိုပိုင် က DVB ကို ပြောပါတယ်။

အဲ့ဒိစစ်ကောင်စီစစ်ကြောင်းကို Chauk Guerrilla Force နဲ့ မဟာမိတ်အဖွဲ့တွေက ၆၀ မမ လက်နက်ကြီး ၈ လုံးနဲ့ ပစ်ခတ်တိုက်ခဲ့ကြပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို မသိရသေးဘူးလို့လည်း သူကဆက်ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံရတဲ့အတွက် မနက် ၁၁ နာရီခွဲဝန်းကျင်မှာ ပြန်လည်ဆုတ်ခွာသွားကြတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၇ ရက်နေ့ကလည်း စစ်ကောင်စီစစ်ကြောင်းက ချောက်မြို့နယ်အတွင်း ကံသစ်ကုန်းကျေးရွာအနီးမှာရှိတဲ့ PDF စခန်း ၁ ခုနဲ့ ကုန်းကြီး-နရွဲတောလမ်းပေါ်က PDF စစ်ဆေးရေးဂိတ် ၁ ခုအပါအဝင် ကံသစ်ကုန်းရွာနဲ့ နရွဲတောရွာတွေက လူနေအိမ် ၅ လုံးလည်းမီးရှို့ဖျက်ဆီးသွားကြသလို ၉ တန်းကျောင်းသား ၁ ဦးအပါအဝင် ဒေသခံပြည်သူတချို့ကိုလည်း ဖမ်းဆီးသွားခဲ့ကြပါသေးတယ်။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့၊ မြို့မရပ်ကွက်မှာ ဇန်နဝါရီ ၁၃ ရက် မနက် ၉ နာရီဝန်းကျင်က နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဒီပဲယင်းအထက်တန်းကျောင်းနဲ့ ကုန်းသာဦးဘုန်းကြီးကျောင်း အတွင်းမှာ အင်အား ၁၀၀ ဝန်းကျင်ခန့်နဲ့ တပ်စွဲထားတယ်လို့သိရပြီး တိုက်ခိုက်မှုအတွင်း ထိခိုက်မှု အရေအတွက်ကို အတည်မပြုနိုင်သေးဘူးလို့ Freedom Revolution Force (FRF) ရဲ့ သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

“ကျနော်တို့နဲ့ တိုက်ပွဲစဖြစ်တာက ၁၀ နာရီ ပတ်ချာလည်လောက်မှာပါ။ ကျနော်တို့ ရောက်တဲ့အချိန် အများကြီးတော့ မပါသေးဘူး ဆိုပေမဲ့ အိမ်နှစ်လုံးလောက်တော့ ပါသွားပြီ။ သူတို့ဘက်က ထိခိုက်မှုတွေရှိပါတယ်။ ဘယ်နှယောက်လဲ တိတိကျကျ မသိရသေးတော့ မပြောသေးတာပါ။”

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ၂၀၂၄ ခုနှစ် ဩဂုတ် ၁၈ ရက် ဒီပဲယင်းမြို့သိမ်းတိုက်ပွဲ ဖြစ်ပွားချိန်က‌တည်းက လာရောက်တပ်စွဲထားခဲ့တာဖြစ်ပြီး ဒေသခံတွေလည်း တခြားနေရာတွေမှာ ရှောင်တိမ်းနေထိုင်နေရတယ်လို့ ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို Freedom Revolution Force (FRF) ရွှေဘိုခရိုင်အမှတ်-၂၄ တပ်ရင်း၊ ဒီပဲယင်းမြို့နယ် ပကဖ တိုက်နယ်-၄ နဲ့ တိုက်နယ်-၅ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013