DVB Logo
Home
မြန်မာသတင်း
ဧရာဝတီမြစ်ရေပြန်ကျသဖြင့် ချောက်-ညောင်ဦးကားလမ်း ပြန်ပွင့်
DVB
·
August 14, 2026
Photo: Ko Kyaw Gyi
Photo: Ko Kyaw Gyi
Donate to DVB

မန္တလေးတိုင်း၊ ညောင်ဦးမြို့မှာ ဧရာဝတီမြစ်ရေ ပြန်လည်ကျဆင်းလာလို့ ဩဂုတ် ၁၄ ရက်မှာ ချောက်-ညောင်ဦးလမ်းမှာ ဆိုင်ကယ်နဲ့ ကားတွေ ဖြတ်သန်းသွားလာလို့ ရနေပြီလို့ ဒေသခံတွေဆီက သိရပါတယ်။

ရေဝင်ရောက်နေတဲ့ ညောင်ဦးမြို့ အမှတ် ၇၊ ၄၊ ၅၊ သာယာဝတီရပ်ကွက်တွေမှာတော့ မနေ့ကတည်းက ရေပြန်ကျနေတာဖြစ်ပြီး ရဲစခန်းရှေ့နဲ့ ဝက်ကြီးအင်းချောင်းပေါ်မှာပဲ ရေကျန်နေတသေးတယ်လို့ သိရပါတယ်။

ညောင်ဦးဒေသခံတယောက်က “မနေ့ကတည်းက နည်းနည်းစီရေကျနေတာ၊ ဒီနေ့ အကျများတယ်။ လက်ရှိက ‌မြစ်ရေကျနေပါတယ်။ ညောင်ဦး-ချောက် ကားလမ်း ဝက်ကြီးအင်းချောင်း ရေကျော်တာ ကား၊ ဆိုင်ကယ်တွေ ဖြတ်လို့ရနေပါပြီ။ မနက်က မိုးဖွဲဖွဲကျတယ် ခဏပဲ ပြန်တိတ်သွားပါတယ်။ တောင် ပေတရာလမ်းက ရေမရောက်တဲ့ လမ်းဖြစ်လို့ ပတ်သွားလို့ရပါတယ်။ မနက်ဖြန်လောက်ဆို လမ်း‌မပေါ် ရေမရှိလောက်တော့ဘူး” လို့ ပြောပါတယ်။

ညောင်ဦးမြို့နယ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက ဧရာဝတီမြစ်ရေဝင်ရောက်တာကြောင့် ညောင်ဦးခရိုင် အခြေခံပညာဦးစီးဌာနအောက်ရှိ အခြေခံပညာကျောင်း ၈ ကျောင်းကို ယာယီပိတ်ထားရသလို ခုထိလည်း ဆက်လက်ပိတ်ထားရဆဲဖြစ်ပြီး လာမဲ့တပတ်မှာတော့ ပြန်လည်ဖွင့်လှစ်နိုင်တယ်လို့ သိရပါတယ်။

ဒေသခံတယောက်က “မြစ်ရေဝင်တဲ့ ကျောင်းအနည်းငယ်လောက်ပဲ ပိတ်တာပါ။ ကျန်တဲ့ ကျောင်းတော်တော်များများ ဖွင့်ကြပါတယ်။ အခုက မြစ်ရေပြန်ကျနေတယ်။ မြစ်နားနီးကျောင်းတွေ ပိတ်ထားတာ တပတ်တောင် မပြည့်သေးပါဘူး။ ကျမတို့ဘက်ဆို ရေဘေးကယ်ဆယ်ရေးတွေနဲ့ မြို့နယ်က လာလှူကြပါတယ်။ ဆန်၊ ပဲ၊ ရေဘူး၊ ခေါက်ဆွဲခြောက်ရယ်၊ ပိုက်ဆံရော ရပါတယ်။ ရပ်ကွက်အလိုက်တော့ ကယ်ဆယ်ရေးတွေရှိပါတယ်။ ရေဘေးကယ်ဆယ်ရေးစခန်းတွေ ရှိပါတယ်” လို့ ပြောပါတယ်။

ဧရာဝတီမြစ်ရေကြီးလာလို့ ဩဂုတ် ၁၀ ရက်ကစပြီး တောင်ရွာနောင်ကျေးရွာအုပ်စု၊ ရေလယ်ကျွန်း အထက်တန်းကျောင်း၊ လက်ထုပ်ကျွန်းကျေးရွာ မူလတန်းကျောင်း၊ ဗုဒ္ဓကုန်းကျွန်း မူလတန်းကျောင်း၊ လက်ပံခြေပေါ်ကျေးရွာအုပ်စု အုန္နဲချောင်းကျေးရွာ မူလတန်းကျောင်း၊ တောင်ရွာနောင် ကျေးရွာအုပ်စု၊ ထောင့်ကြီးရွာ မူလတန်းကျောင်း၊ တောင်ရွာနောင် အထက်တန်းကျောင်း၊ မီးလောင်ဖျားကျေးရွာအုပ်စု၊ ပခုက္ကူကျွန်းကျေးရွာ မူလတန်းကျောင်းနဲ့ ညောင်ဦးမြို့မ အထက်တန်းကျောင်းတို့ကို ယာယီပိတ်လိုက်ရပါတယ်။

လက်ရှိမှာတော့ ညောင်ဦးမြို့နယ်က ဝက်ကြီးအင်း၊ ရေဝင်၊ သီလရင်စု၊ သိကြားရွာ၊ ယွန်းတန်းရွာတွေ ရေကျန်သေးတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013