
ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်မှာ ရွေးမြစ်ရေတိုက်စားပြီး၊ လပွတ္တာ-သင်ကန်းကြီး-ပြင်စလူ ကားလမ်းတခြမ်း ပြိုကျခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စက်တင်ဘာ ၂၉ ရက် မနက် ၈ နာရီခွဲလောက်မှာ လပွတ္တာ-သင်ကန်းကြီး-ပြင်စလူကားလမ်း မိုင်တိုင်အမှတ် ၂/၁ နဲ့ ၂/၂ ကြားမှာ သစ်သားတိုင်နဲ့ ကျောက်စီ မြေကာနံရံ ပြိုကျခဲ့တာပါ။
အဲဒီဖြစ်စဉ်ကြောင့် လမ်းတာဘောင်ဟာ အလျားပေ ၁၂၀၊ အနံပေ ၂၄ နဲ့ အမြင့်ပေ ၁၅ လောက် ပြိုကျခဲ့ပြီး ကတ္တရာလမ်းပိုင်းလည်း ၆ ပေလောက် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ဒေသခံတယောက်က “ကားလမ်းက ရုတ်တရက် ပြိုကျတာ။ ရေတိုက်စားတာ။ ကံကောင်းတာက ယာဉ်တွေ သွားလာချိန် မဟုတ်တာပဲ” လို့ ပြောပါတယ်။
ကားလမ်းပြိုကျတာကြောင့် ကုန်တင်ယာဉ်နဲ့ လမ်းအသုံးပြုသူတွေအနေနဲ့ အခက်အခဲ ဖြစ်ပေါ်နေပြီး ရေတိုက်စားတာ ဆက်ဖြစ်နေတာကြောင့် အခြေအနေ ပိုမိုဆိုးရွားလာမှာကို စိုးရိမ်တယ်လို့ ဆိုပါတယ်။
ကူညီဆောင်ရွက်ပေးသူတယောက်က “ကားလမ်းရဲ့ အတွင်းဘက်မှာ လူနေအိမ်တွေ ရှိတယ်။ အခု ပြိုကျနေတဲ့ နေရာက မြစ်ကမ်းစပ်ဆိုတော့ ရေတိုက်စားတဲ့ဒဏ်ကြောင့် ကားလမ်းပါသွားပြီး ရေဘေးကြုံရမှာကို ကြောက်နေတာ” လို့ ပြောပါတယ်။
လက်ရှိမှာတော့ ကားလမ်းပြိုကျတဲ့နေရာကို လပွတ္တာခရိုင်နဲ့ မြို့နယ်မီးသတ်စခန်းတွေက မီးသတ်တပ်ဖွဲ့ဝင်တွေဟာ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး သစ်သားတိုင်ရိုက်တာ၊ ဝါးကပ်ကာရံတာနဲ့ သဲအိတ်ဖို့တာတွေကို ဆောင်ရွက်နေပါတယ်။
ဧရာဝတီတိုင်းမှာ ရေတိုက်စားမှုဒဏ်ကြောင့် လမ်းတွေ၊ တံတားတွေနဲ့ တာဘောင်တွေ မကြာခဏ ပျက်စီးတာ၊ ရေထဲမျောပါသွားတာနဲ့ ပြိုကျတာတွေ ဖြစ်ပေါ်နေပေမဲ့ စစ်အာဏာရှင်က ထိရောက်တဲ့ ကာကွယ်ထိန်းသိမ်းမှုတွေ မလုပ်ပေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
ဇူလိုင် ၃၀ ရက်ကလည်း ငဝန်မြစ် ရေကာတာဘောင် ကျိုးကျတာကြောင့် လေးမျက်နှာမြို့နယ် တခုလုံး ရေနစ်မြုပ်ခဲ့ပြီး လူသေဆုံးမှုတွေရှိခဲ့သလို ဒေသခံတွေရဲ့ နေအိမ်နဲ့ လယ်ယာမြေတွေ၊ တိရစ္ဆာန်တွေ ပျက်စီး၊ ရေမြုပ်နဲ့ မျောပါခဲ့ပါတယ်။
ဇွန် ၅ ရက်ကလည်း ဧရာဝတီတိုင်း၊ ငရုတ်ကောင်းမြို့မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တင်းချောင်းကျေးရွာအုပ်စု၊ တင်းချောင်း-ဝက်ကော် ကျေးရွာချင်းဆက်လမ်းပေါ်က အလျားပေ ၃၀၀ ကျော်၊ အနံပေ ၇၀ ရှိတဲ့ ကိုယ်ထူကိုယ်ထ တံတားတစင်း ရေစီးနဲ့အတူ မျောပါခဲ့ပါတယ်။
သြဂုတ် ၂၃ ရက်နဲ့ ၂၄ ရက်ကလည်း သာပေါင်းမြို့နယ်၊ တစ္ဆေချောင်းကျေးရွာနဲ့ ကံကလေးကုန်းကျေးရွာကို ဆက်သွယ်ထားတဲ့ အရှည်ပေ ၃၀၀ ချောင်းကူးတံတားနဲ့ မဒေါ့ကုန်း ကျေးရွာနဲ့ ရိုးဝကျေးရွာကို ဆက်သွယ်ထားတဲ့ အရှည်ပေ ၂၀၀ ချောင်းကူးတံတား ၂ စင်းဟာ ရေတိုက်စားမှုကြောင့် ရေစီးနဲ့အတူ မျောပါပျက်စီးခဲ့ပါတယ်။










