DVB Logo
Home
မြန်မာသတင်း
ကပစ စက်ရုံများကို တော်လှန်ရေးတပ်ဖွဲ့က ခြိမ်းခြောက်နိုင်မလား
DVB
·
January 15, 2025
ကပစ စက်ရုံများကို တော်လှန်ရေးတပ်ဖွဲ့က ခြိမ်းခြောက်နိုင်မလား
Donate to DVB

စစ်အာဏာရှင် တော်လှန်ရေး ၄ နှစ်နီးပါးကာလအတွင်း စစ်ကောင်စီတပ်တွေကို  အဘက်ဘက်က ယှဉ်ပြိုင်တိုက်ခိုက်နိုင်ခဲ့ပေမဲ့ တော်လှန်ရေးအင်အားစုတွေ အဓိက ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတခု ရှိပါတယ်။

အဲဒါကတော့ လက်နက်ခဲယမ်း လိုအပ်ချက်ပါ။ တဖက်မှာတော့ စစ်ကောင်စီက ကပစ လို့ခေါ်တဲ့ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံ ၂၅ ခုကနေ လက်နက်ခဲယမ်းတွေကို စိတ်ကြိုက်ထုတ်လုပ် အသုံးပြုနေတာပါ။

စစ်ကောင်စီရဲ့ လက်နက်ခဲယမ်း အရင်းမြစ်ဖြစ်တဲ့ ကပစ စက်ရုံတွေကို တော်လှန်ရေးတပ်ဖွဲ့တွေ အမှန်တကယ် ခြိမ်းခြောက်နိုင်တော့မလားဆိုတာနဲ့ ပတ်သက်လို့ မေးခွန်းထုတ်စရာရှိပါတယ်။

စစ်ကောင်စီရဲ့ ကပစ စက်ရုံအများစုက မကွေးနဲ့ ပဲခူးတိုင်းတို့မှာ အများဆုံးတည်ရှိတာဖြစ်ပြီး မကွေးတိုင်းထဲမှာ ၁၅ ရုံ၊ ပဲခူးတိုင်းမှာ ၇ ရုံ၊ နေပြည်တော်မှာ ၂ ရုံနဲ့ ရန်ကုန်မှာ ၁ ရုံတို့ ဖြစ်ပါတယ်။ အထူးသဖြင့် ဒီစက်ရုံတွေကို ဧရာဝတီမြစ်ကြောင်းတလျှောက် တောတောင်တွေကြားမှာ တည်ဆောက်ထားတာပါ။

ခေတ်အဆက်ဆက် ဗျူဟာကျကျနဲ့ လုံခြုံစိတ်ချရတဲ့နေရာတွေ ဖြစ်ခဲ့ပေမဲ့ ရခိုင်နဲ့ ချင်းက တော်လှန်ရေးအင်အားစုတွေရဲ့ အောင်ပွဲတွေကြောင့် ဒီနေရာတွေကို စိန်ခေါ်လာနိုင်တဲ့အခြေအနေကို ရောက်ရှိလာပါတယ်။

ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ၃ မြို့နယ်ကလွဲလို့ ကျန်မြို့နယ်တွေအားလုံးကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်လိုက်ပြီးတဲ့နောက် အဓိက ပြည်မထွက်ပေါက်တွေဖြစ်တဲ့ အမ်းနဲ့ တောင်ကုတ် တို့ကနေ ပြည်မကို တိုက်ရိုက်ပေါက်သွားခဲ့ပါတယ်။

ဒါကြောင့် အဲဒီလမ်းကြောင်းပေါ် မှာရှိနေတဲ့ ကပစစက်ရုံတွေကို တော်လှန်ရေးအင်အားစုတွေက ခြိမ်းခြောက်နိုင်တဲ့ အခြေအနေရှိလာတာပါ။

အလားတူ ချင်းမှာလည်း တော်လှန်ရေးအင်အားစုတွေက မြို့အများစုကို သိမ်းပိုက်နိုင်ခဲ့ပြီး အထူးသဖြင့် မင်းတပ်ကို သိမ်းလိုက်နိုင်ပြီဖြစ်တာကြောင့် အဲဒီဒေသနဲ့ဆက်နေတဲ့ ယော၊ ဆောအပါအဝင် တဆက်တည်းရှိတဲ့ နေရာတွေက ကပစစက်ရုံတွေဆီ စစ်ရေးက ဦးတည်လာနိုင်တဲ့ အခြေအနေကို ရောက်လာခဲ့ပါတယ်။

ယောဒေသထဲမှာဆိုရင် ကပစ ၂၃ တဆက်တည်းရှိနေတဲ့ လောင်းရှည်မြို့မှာ ကပစ ၂၅ တို့ရှိပြီး၊ အဲဒီကနေ ပေါက်နဲ့ ဆိပ်ဖြူမြို့နယ်ထဲကို ဆက်သွားလိုက်ရင် ကပစ ၂၁၊ ၂၂၊ ၂၄ တို့ကိုလည်း ရောက်နိုင်ပါတယ်။

ကပစစက်ရုံတွေကို တိုက်နိုင်ပြီဆိုရင် စစ်ကောင်စီကို ချည့်နဲ့သွားစေနိုင်တာကြောင့် အရေးကြီးတယ်လို့လည်း စစ်ရေး၊ နိုင်ငံရေး သုံးသပ်သူတွေနဲ့ CDM တပ်အရာရှိတွေက ပြောဆိုကြပါတယ်။

ကပစ စက်ရုံတွေမှာ ရှိနေတဲ့သူတွေဟာ ပညာရှင်တွေနဲ့ အရပ်သားတွေ များတာကြောင့် တိုင်းစစ်ဌာနချုပ်တွေကို တိုက်တာထက်တော့ ပိုပြီးတော့ လွယ်ကူနိုင်တယ်လို့လည်း CDM ဗိုလ်ကြီး နန်းဝင်းထွန်းက ပြောပါတယ်။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တည်ရှိရာ အမ်းကို အာရက္ခတပ်တော်က သိမ်းပိုက်လိုက်ပြီးတဲ့နောက် အမ်း-ပဒါန်း လမ်းဘေးမှာရှိတဲ့ ကပစ ၁၄ အတွက်လည်း စိန်ခေါ်မှုရှိလာပြီး စစ်ကောင်စီဘက်ကတော့ ခံစစ်အခိုင်အမာပြင်နေတာတွေလည်း ရှိပါတယ်။

ဒါ့အပြင် တောင်ကုတ်ကနေ ဆင်းမယ်ဆိုရင်လည်း ဥသျှစ်ပင် ပန်းတောင်းအထိ ပေါက်တာကြောင့် အဲဒီဒေသတဝိုက်မှာရှိနေတဲ့ ကပစစက်ရုံတွေကိုလည်း စစ်ရေးအရ ခြိမ်းခြောက်နိုင်ပါတယ်။

ပန်းတောင်းမှာရှိတဲ့ ကပစ ၅ ဟာဆိုရင် ယမ်းချက်တဲ့ စက်ရုံဖြစ်တာကြောင့် ဒီလိုစက်ရုံတွေကို တိုက်နိုင်မယ်ဆိုရင်တော့ တခြားစက်ရုံတွေကိုပါ ရိုက်ခတ်မှုရှိစေလိမ့်မယ်လို့လည်း ကပစ ၃ ကနေ CDM ပြုလုပ်ထားတဲ့ ဗိုလ်ကြီးတယောက်က ပြောပါတယ်။

ကပစ ၅ နဲ့ တဆက်တည်းမှာဆိုရင် ကပစ ၁၆၊ ၉၊ ၆ နဲ့  ၃  စတဲ့ စက်ရုံတွေလည်း အများအပြား ရှိနေပါတယ်။

ကပစ စက်ရုံတရုံမှာ စက်ရုံငယ်အများအပြားနဲ့ မြေဧက အကျယ်ကြီးထဲမှာ လည်ပတ်ကြတာကြောင့် စက်ရုံကြီးတခုလုံးကို တိုက်ခိုက်သိမ်းပိုက်ဖို့တော့ စိန်ခေါ်မှုရှိတယ်လို့ CDM ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။

ဒါပေမဲ့ အတွင်းထဲမှာ ရှိနေတဲ့ စက်ရုံငယ်တွေဟာ တခုနဲ့တခု ချိတ်ဆက်ဆောင်ရွက်ကြတာ ဖြစ်တဲ့တွက် အဲဒီထဲက စက်ရုံငယ်တခုလောက်ကို ဖျက်ဆီးနိုင်ရင်တောင် ထုတ်လုပ်ရေးတွေက ရပ်ဆိုင်းသွားနိုင်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီတပ်က အသုံးပြုနေတဲ့ လက်နက်ခဲယမ်းတွေကို ကြည့်ရင် လတ်တလော ထုတ်ထားတဲ့ လက်နက်တွေကိုတွေ့ရပြီး စစ်ကောင်စီရဲ့ ကပစ စက်ရုံတွေကနေ အခုထုတ် အခုသုံးနေရတဲ့ အခြေအနေဖြစ်နေတယ်လို့လည်း စစ်ရေးအကဲခတ်တွေက သုံးသပ်ထားကြပါတယ်။ 

ဒါကြောင့် ကပစစက်ရုံတွေကို အမှန်တကယ် ခြိမ်းခြောက်နိုင်ပြီဆိုရင်တော့ တော်လှန်ရေးအတွက် ကြီးမားတဲ့ အလှည့်အပြောင်းတွေ ရှိလာလိမ့်မယ်လို့လည်း ဆိုကြပါတယ်။ 

ထက်အောင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013