DVB Logo
Home
နိုင်ငံတကာ
ကျားဖြန့်ဂယက်ကြောင့် ဟောင်ကောင်အဆိုတော် ဘန်ကောက် ဖျော်ဖြေပွဲခရီးစဉ် ဖျက်သိမ်း
DVB
·
January 15, 2025
ကျားဖြန့်ဂယက်ကြောင့် ဟောင်ကောင်အဆိုတော် ဘန်ကောက် ဖျော်ဖြေပွဲခရီးစဉ် ဖျက်သိမ်း
Donate to DVB

ထိုင်း-မြန်မာနယ်စပ် ကျားဖြန့်အွန်လိုင်းငွေလိမ်ရာဇဝတ်ဂိုဏ်းတွေထဲ လူကုန်ကူးခံရတဲ့ တရုတ်သရုပ်ဆောင် ဝန်ဇင်းရဲ့အမှုကိစ္စ အပါအဝင် သတင်းတွေထွက်ပေါ်ခဲ့ပြီးနောက်မှာ ဟောင်ကောင် အဆိုတော် အီဆန်ချန်းရဲ့ ဘန်ကောက်ဖျော်ဖြေပွဲခရီးစဉ်ကို ဖျက်သိမ်းလိုက်ပါတယ်။

ဒီဖျော်ဖြေပွဲကိုတော့ လာမယ့် ဖေဖော်ဝါရီ ၂၂ ရက်မှာ ကျင်းပသွားဖို့ စီစဉ်ထားတာဖြစ်ပြီး လက်မှတ်ဝယ်ယူထားကြသူတွေကို ၁၀ ရက်အတွင်း ငွေပြန်အမ်းပေးသွားမယ်လို့ ဆိုပါတယ်။

Dimsum Daily သတင်းမှာတော့ ချန်းရဲ့ မန်နေဂျာဖြစ်တဲ့ လီဆာကန်က ဖျော်ဖြေပွဲ ဖျက်သိမ်းမှုနဲ့ ပတ်သက်ပြီး “သတင်းတွေကို အနီးကပ်လေ့လာစောင့်ကြည့်ရင် အခြေအနေတွေကို ဆွေးနွေးပြီးနောက်မှာ ဖျော်ဖြေပွဲအတွက် ထိုင်းနိုင်ငံကို လာရောက်ကြတဲ့ ပရိသတ်တွေနဲ့ သူတို့ရဲ့ မိသားစုတွေရဲ့ လုံခြုံရေးအတွက် စွန့်စားရတာ မဖြစ်သင့်ဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်” လို့ ရှင်းပြပါတယ်။

ဒါ့အပြင် ကန်က ဒီပွဲကို ကျင်းပဖို့ ပိုသင့်တော်မယ့်အချိန်ကို ရှာဖွေချင်ကြောင်းနဲ့ ဒီလို ဖျက်သိမ်းလိုက်တဲ့အတွက် ထိုင်းဒေသခံတွေနဲ့ နိုင်ငံရပ်ခြားက တရုတ်ပရိသတ်တွေ တော်တော်စိတ်ပျက်နေကြတယ်ဆိုတာ နားလည်သလို အားလုံးကို တောင်းပန်ကြောင်းနဲ့ အနာဂတ်မှာ ပြန်လာဖို့ မျှော်လင့်ကြောင်းလည်း ပြောလိုက်ပါတယ်။

အသက် ၅၁ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ အဆိုတော် အီဆန်ချန်းဟာ ကန်တုံနဲ့ မန်ဒရင်းပေါ့ပ် ၂ မျိုးစလုံးနဲ့ အကျော်ကြားဆုံး၊ လွှမ်းမိုးမှုအရှိဆုံး အနုပညာရှင်တယောက်ဖြစ်ပြီး ၂၀၂၃ ခုနှစ်နဲ့ ၂၀၂၄ ခုနှစ်တွေအတွက် Spotify’s Global Top စာရင်းမှာ Mandopop Artists of the Year တတိယနေရာမှာ ရပ်တည်နေတာပါ။

ဒါ့အပြင် သူဟာ ထိုင်ဝမ်ယဉ်ကျေးမှုဝန်ကြီးဌာနကနေ ပေးအပ်တဲ့ Golden Melody Awards ဆုရဲ့ "Best Male Mandarin Singer" ခေါင်းစဉ်အောက် ဆန်ခါတင်စာရင်း ၉ ဆုနဲ့ အများဆုံး စံချိန်တင်ထားသလို ဆု ၃ ဆုရရှိထားသူလည်း ဖြစ်ပါတယ်။ 

လတ်တလောမှာတော့ ထိုင်းနိုင်ငံကတဆင့် မြန်မာ ကျားဖြန့်အွန်လိုင်း ရာဇဝတ်ဂိုဏ်းတွေထဲ လူကုန်ကူးခံရတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး တရုတ်ခရီးသွားတွေကြား စိုးရိမ်မှုတွေ မြင့်တက်နေသလို ထိုင်းကို လာရောက်ကြမယ့် ခရီးစဉ်တွေကို ဖျက်သိမ်းတာတွေလည်း ရှိလာနေခဲ့တာပါ။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၂ ရက်မှာတော့ မြန်မာနယ်စပ် ကျားဖြန့် အွန်လိုင်းလိမ်လည် ရာဇဝတ်ဂိုဏ်းတွေထဲ ပျောက်ဆုံးနေသူတွေ လွတ်မြောက်ရေးအတွက် ထိုင်းနိုင်ငံ လုံခြုံရေး တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ ဟောင်ကောင် လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့တဖွဲ့ စေလွှတ်ထားပါတယ်။

အဆိုပါအဖွဲ့ဟာ ထိုင်းနိုင်ငံက တရုတ်သံရုံးအာဏာပိုင်တွေ၊ သက်ဆိုင်ရာ ထိုင်းအာဏာပိုင်တွေနဲ့ တွေ့ဆုံပြီးတော့ ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ ပိတ်မိနေသူတွေကို ရှာဖွေရာမှာ စုံစမ်းထောက်လှမ်းရေးဆိုင်ရာ ကိစ္စတွေအတွက် အကူအညီတွေ လဲလှယ်တောင်းဆိုကြမယ်လို့ ဆိုပါတယ်။

ဟောင်ကောင်လုံခြုံရေးဗျူရိုကတော့ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒုတိယသုံးလပတ်ကာလတွေ ကတည်းက ဟောင်ကောင်နိုင်ငံသားတွေဟာ အရှေ့တောင်အာရှဒေသတွေအတွင်းက နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းတွေထဲ ကျွန်တွေလို အခြေအနေမျိုးနဲ့ အလုပ်လုပ်ဖို့ ဖြားယောင်းသွေးဆောင်ခံရတယ်လို့ သံသယရှိတဲ့အကြောင်း ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဟောင်ကောင်ဥပဒေစိုးမိုးရေးအေဂျင်စီတွေကတော့ သူတို့အနေနဲ့ မိသားစုဝင်တွေဆီက အကူအညီတောင်းခံမှု ၂၈ ခုကို လက်ခံရရှိခဲ့ပြီး အဲဒီထဲက ၁၆ ယောက်ကတော့ ပြန်လည် ရောက်ရှိလာခဲ့ပြီလို့ ပြောပါတယ်။

ကျန်တဲ့ ၁၂ ယောက် အမှုကတော့ သူတို့ရဲ့ သွားလာလှုပ်ရှားမှုတွေကို ကန့်သတ်ထိန်းချုပ်ထားခံရတယ်လို့ ဟောင်ကောင်လုံခြုံရေးဗျူရိုက ပြောပေမဲ့ သူတို့ဟာ ဘေးကင်းလုံခြုံပြီး မိသားစုတွေကို ဆက်သွယ်နိုင်ဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ထိုင်းဝန်ကြီးချုပ် ဖဲထောင်းထန်း ရှင်နာဝပ်က ခုလိုကိစ္စတွေက ထိုင်းနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းကဏ္ဍကို ထိခိုက်စေပြီး အစိုးရအနေနဲ့ တရုတ်နဲ့ နိုင်ငံတကာ ခရီးသွားတွေအကြား ယုံကြည်မှု ပြန်လည်တည်ဆောက်ဖို့ လုပ်ဆောင်နေတယ်လို့ ပြောထားပါတယ်။

Source: Dimsum Daily/ VN Express

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013