
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ စဘော့ကျေးရွာ နွံကန်ပြိုကျမှု ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၄ ရက် ညနေပိုင်းအထိ ရုပ်အလောင်း ၂၀ ဝန်းကျင်တွေ့ရှိတယ်လို့ ရှာဖွေကယ်ဆယ်ရေးသမားတွေထံက သိရပါတယ်။
မနေ့က အလောင်း ၆ လောင်း ထပ်မံတူးဖော်တွေ့ရှိပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ အရှိန်မြှင့် ဆက်လက်လုပ်ဆောင်နေကာ ရက်ပိုင်းအတွင်း ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို အမြန်ဆုံး အဆုံးသတ်နိုင်အောင် ဆောင်ရွက်နေတယ်လို့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းမှာ ပါဝင်ကူညီနေတဲ့ လူငယ်တယောက်က ပြောပါတယ်။
စဘော့ကျေးရွာ နွံကန်ကျိုးပေါက်မှုဟာ အများပြည်သူတွေ အိပ်မောကျနေတဲ့ ဇန်နဝါရီ ၁၃ ရက် မနက်အစောပိုင်း ၁ နာရီဝန်းကျင်မှာ ဖြစ်ပွားခဲ့တာပါ။
အတည်ပြုနိုင်တဲ့ သေဆုံးသူ အယောက် ၂၀ ဝန်းကျင်အထိ ရှိလာတာဖြစ်ပြီး နွံကန်အောက်မှာ ကျန်ရှိနေတဲ့ အလောင်းတွေ ဆက်ရှိနိင်တယ်လို့ ကယ်ဆယ်ရေးသမားတွေက ခန့်မှန်းပါတယ်။
မနေ့က ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်ရာမှာ အသက် ၃၀ ကျော်အရွယ် အမျိုးသားတယောက်ကို အသက်ရှင်လျက် ရှာဖွေ ကယ်ဆယ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
နွံကန်ပြိုကျမှုကြောင့် အသက်ဆုံးရှုံးခဲ့ရသူတွေထဲမှာ စဘော့ရွာခံတွေနဲ့ ရေမဆေးကျောက်တူးဖော်တဲ့သူတွေ အများစုဖြစ်ပါတယ်။
နွံကန်ပေါက်ကျမှုကြောင့် စပေါ့ကျေးရွာရှိ ရပ်ကွက် ၃ ခုက လူ နေအိမ် ၅၀ ဝန်းကျင် နစ်မြုပ်သွားတာရှိသလို ထိခိုက်ပျက်စီးခဲ့ပါတယ်။
အခုလို ပြည်သူတွေ အများအပြားထိခိုက်သေဆုံးမှုဟာ သဘာဝဘေးအန္တရာယ်ကြောင့် မဟုတ်ဘဲ ကျောက်စိမ်းတူးဖော်တဲ့ ကုမ္ပဏီတွေရဲ့ မဆင်မခြင်လုပ်ရပ်တွေကြောင့် နွံကန်ကျိုးပေါက်တာဖြစ်လို့ ကုမ္ပဏီတွေအပေါ်မှာ တာဝန်အများကြီးရှိတယ်လို့ စဘော့ကျေးရွာသားတွေက ပြောပါတယ်။
နွံကန်ဟာ ပေါက်ကျမှု မဖြစ်ခင် သက်ဆိုင်ရာ အာဏာပိုင်တွေက မြေစာစွန့်ပစ်မှုမလုပ်ဖို့ အသိပေး ပြောကြားထားတာတွေ ရှိပေမဲ့လည်း ကျောက်စိမ်းတူးဖော်တဲ့ ကုမ္ပဏီတွေက မြေစာကို ဆက်လက် စွန့်ပစ်တာကြောင့် အခုလို ပြိုတာလို့လည်း ရွာသားတွေက ပြောပါတယ်။
အခုလို နွံကန်ဟာ ပေါက်ကျမှုဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျောက်စိမ်းတူးဖော်တဲ့ ကုမ္ပဏီတွေဘက်ကိုတော့ ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိပါဘူး။