
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ လက်ပန်ကျင်းတောင်ရွာကို စစ်ကောင်စီတပ်က ဇန်နဝါရီ ၁၄ ရက် မနက် ၆ နာရီမှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဝင်ရောက်ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီး အပါအဝင် ပြည်သူ ၄ ယောက်ကို သတ်ဖြတ်ကာ ရွာကို မီးရှို့တာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အဆိုပါစစ်ကြောင်းဟာ ငါန်းဇွန်မြို့နယ် မြို့သာ စက်မှုဇုန်ကနေ စစ်သား၊ ရဲနဲ့ ပျူစောထီး စုစုပေါင်း အင်အား ၁၇၀ နဲ့ လက်ပန်ကျင်းတောင်ရွာကို စစ်ကြောင်းထိုးလာတာလို့လည်း သိရပါတယ်။
လက်ပန်ကျင်းရွာသားတယောက်က “ကျနော်တို့ရွာကို ဝင်လာကတည်းက လက်နက်ကြီး အလုံး ၂၀ နဲ့ ပစ်ဝင်ခဲ့တာဗျ။ သူတို့ပစ်ခတ်လို့ ကိုယ်ဝန်ဆောင်အမျိုးသမီးတဦး၊ အမျိုးသား ၂ ဦး၊ နောက်ထပ် အမျိုးသမီးတဦး စုစုပေါင်း ၄ ဦး သေဆုံးခဲ့တယ်ဗျ။ အဲလိုဝင်လာပြီး ရွာကိုမီးရှို့တယ်။ ကျနော်တို့ရွာက အိမ်ခြေ ၆၀၀ ရှိတာ အိမ် ၄၀၀ လောက် မီးလောင်တယ်။ ရွာကိုမီးရှို့ပြီး ရွာထဲကနေ အထွက်မှာ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ တိုက်ပွဲဖြစ်တော့တာပါပဲ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ ဖြစ်ပွားတဲ့တိုက်ပွဲမှာ စစ်တပ်ဘက်က ၇ ယောက် ကျဆုံးပြီး ဒဏ်ရာအများအပြားရရှိကာ မြို့သာစက်မှုဇုန်ဘက်ကို ပြန်လည်ဆုတ်ခွာသွားတယ်လို့လည်း သိရပါတယ်။
မြင်းခြံခရိုင်တပ်ရင်း ၇ Zero ပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူ ကိုသက်ကြီးက “ကျနော်တို့နဲ့ ရွာကိုမီးရှို့ပြီး ပြန်ထွက်လာတဲ့ စစ်ကြောင်းကို ရွာရဲ့မြောက်ဘက်စေတီအနီးကနေ စောင့်တိုက်ခိုက်ခဲ့တာဗျ။ တိုက်ပွဲ ၂ ဖက်အကွာအဝေးက မီတာ ၃၀ လောက်ပဲ ဝေးတယ်ဗျ။ ကိုယ့်ဘက်က လက်ဦးမှုရယူနိုင်ခဲ့လို့ စစ်တပ်ဘက်က ၇ ဦး မျက်မြင် သေဆုံးတယ်။ အများအပြား ဒဏ်ရာရရှိသွားတယ်။ စစ်တပ်ဘက်က ဒရုန်းတွေနဲ့ရော လေယာဉ်နဲ့ပါ ပစ်ကူတာတွေလုပ်လို့ ကျနော်တို့ဘက်က ၄၀ မမ အများအပြားပစ်ခတ်ပြီး တပ်ဆုတ်ခဲ့ရတယ်ဗျ။ သူတို့ စစ်ကြောင်းကလည်း ဒဏ်ရာရ သေဆုံးအလောင်းတွေ ထမ်းပြီး မြို့သာစက်မှုဇုန်ဘက် ပြန်ဆုတ်သွားတာ သေချာသိလို့ ကျနော်တို့ ရွာထဲမှာ ပိတ်မိနေတဲ့ သက်ကြီးရွယ်အိုတွေ ကယ်ဆယ်ရေးပြန်လုပ်ပေးပြီး ရွာမီးလောင်တာကို ရွာသားတွေနဲ့အတူ မီးငြှိမ်းသတ်တာတွေ ပြုလုပ်ပေးခဲ့တယ်” လို့ ပြောပါတယ်။
မြင်းခြံခရိုင်တပ်ရင်း ၇ Zero ပြောက်ကျားတပ်ဖွဲ့က ဦးဆောင်ပြီးတော့ ငါန်းဇွန်မြို့နယ် ပကဖ၊ နယ်မြေခံပကဖများနဲ့ မြင်းခြံခရိုင်တပ်ရင်း ၆ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကူနိုင်ဖို့ မန္တလေးခရိုင်တပ်ရင်း ၅ က စစ်အင်အားဖြည့်ဖို့ အသင့်ရှိခဲ့တယ်လို့လည်း သိရပါတယ်။











