DVB Logo
Home
မြန်မာသတင်း
ဖေ့စ်ဘွတ်ခ်၏ မူဝါဒအပြောင်းအလဲ မြန်မာလူမှုကွန်ရက်သုံးသူများအပေါ်  သက်ရောက်နိုင်
DVB
·
January 14, 2025
ဖေ့စ်ဘွတ်ခ်၏ မူဝါဒအပြောင်းအလဲ မြန်မာလူမှုကွန်ရက်သုံးသူများအပေါ်  သက်ရောက်နိုင်
Donate to DVB

ဖေ့စ်ဘွတ်ခ်ရဲ့ Meta ကုမ္ပဏီက အချက်အလက်စောင့်ကြည့်တဲ့ ပရိုဂရမ်အစား သုံးစွဲသူတွေ ကိုယ်တိုင် မှတ်ချက်ပြုရမယ့် မူဝါဒကြောင့် ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက် အသုံးများတဲ့ မြန်မာနိုင်ငံကို သက်ရောက်လာနိုင်တယ်လို့ လေ့လာစောင့်ကြည့်သူတွေက သုံးသပ်ပါတယ်။

ဖေ့စ်ဘွတ်ခ် တည်ထောင်သူ စီအီးအို မတ်ခ်ဇူကာဘာဂ် ပြီးခဲ့တဲ့ ဇန်နဝါရီ ၇ ရက်မှာ Meta ကုမ္ပဏီ အောက်က facebook, instagram နဲ့ Treads စတဲ့ ပလက်ဖောင်းတွေမှာ လွတ်လပ်တဲ့ကြားနေ အဖွဲ့အစည်းတွေရဲ့  အချက်အလက်စစ်ဆေးရေး အစီအစဉ်ကို ရပ်ဆိုင်းတော့မယ်လို့ သူ့ရဲ့ ကိုယ်ပိုင် လူမှုကွန်ရက် စာမျက်နှာကနေ ကြေညာခဲ့ပါတယ်။

Fact Checking ကို ရပ်တန့်ပြီး X ပလက်ဖောင်းမှာ ကျင့်သုံးနေတဲ့ ဆိုရှယ်မီဒီယာ သုံးစွဲသူတွေ ကိုယ်တိုင်ပဲ သတင်းတု သတင်းမှားတွေဖြစ်ကြောင်း မှတ်ချက်ရေးသားတဲ့ community driven system ကို ပြောင်းလဲလိုက်တာ ဖြစ်ပါတယ်။

ကာလတခုကြာအောင် ဆင်ဆာနဲ့ စောင့်ကြည့်ဖြတ်တောက်မှုတွေ ရှိခဲ့တဲ့ Meta က  လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆီ ပြန်သွားမယ်လို့  ဇူကာဘာဂ်က ပြောခဲ့တာပါ။

ဒီစနစ်ကို အမေရိကန်နိုင်ငံမှာ စတင်ကျင့်သုံးမှာ ဖြစ်ပြီး နောက်ပိုင်း ကမ္ဘာတဝန်း ဖေ့စ်ဘွတ်ခ် အသုံးပြုသူတွေ ကြားပါရောက်ရှိလာမယ်ဆိုရင် မြန်မာ့ဆိုရှယ်မီဒီယာ အသုံးပြုတွေကြားမှာလည်း သက်ရောက်မှုတွေ ရှိလာနိုင်ကြောင်း ဉာဏ်လင်းသစ် သုတေသနအဖွဲ့ရဲ့ သုသေတနနဲ့ နိုင်ငံရေး အကြံပေး ကိုမိုးထက်နေက သုံးသပ်ပါတယ်။

“အခုပြောင်းကျင့်သုံးမယ့် community driven ပုံစံက ပိုပြီးပြဿနာရှိနိုင်တယ်လို့ ကျနော်ထင်တယ်။ သတင်းတွေက မှားသလား၊ မှန်သလား၊ အမုန်းစကားလားဆိုတာ သိတဲ့သုံးစွဲသူတွေရဲ့ ပမာဏအချိုးအစားတခု ပို့စ်ကို ဖြုတ်ချဖို့ပဲဖြစ်ဖြစ်၊ reach လျော့ဖို့ပဲဖြစ်ဖြစ် algorithm က လိုအပ်တဲ့ အရေအတွက်ကိုရောက်ဖို့ လိုတယ်ပေါ့။ အဲဒီ အရေအတွက်ကို မရောက်သေးသမျှတော့ လူတွေမြင်ကွင်းထဲက ပျောက်သွားမှာမဟုတ်ဘူး။ အဲဒီလို မြင်ကွင်းက ပျောက်မသွားဘူးဆိုရင် ဝေခွဲရခက်တာတွေ နောက် မြင်ပါများတော့ ရိုးလာတာမျိုးတွေ ဒါမျိုးတွေ ဖြစ်သွားနိုင်တယ်။ နောက်တဖက်မှာတော့ မူရင်းဖြန့်ချိမှုက ပျောက်သွားတယ်၊ နောက်တခြားနေရာမှာ တခြား ပုံစံနဲ့ပြန်ပြီးပေါ်လာတာမျိုး၊ debate ဆက်ရှိနေတာမျိုးတွေ ဒါမျိုးတွေက လူထုကြားမှာ အမုန်းစကားတွေ အစွန်းရောက်လှုံ့ဆော်မှုတွေ စစ်တပ်ရဲ့ ဝါဒဖြန့်ချိမှုတွေက ပျံ့နှံ့မှု ပိုအားကောင်းလာနိုင်တယ်လို့ ကျနော် ထင်တယ်။”

တဖက်မှာလည်း တော်လှန်ရေးနဲ့ သက်ဆိုင်တဲ့ ပို့စ်တွေလည်း ပျံ့နှံ့မှု ပိုအားကောင်းလာနိုင်တယ်လို့ သုံးသပ်နေကြပါတယ်။ လက်ရှိ မြန်မာ့နွေဦးတော်လှန်ရေးမှာ ဒီဂျစ်တယ်နဲ့ ဆိုရှယ်မီဒီယာ အသုံးပြုပြီး ထောက်ပို့ရေးလုပ်ငန်းစဉ်တွေက တော်လှန်ရေးကို ပိုအားကောင်းအောင် ထောက်ပံ့ နေနိုင်ခဲ့တာ ဖြစ်ပါတယ်။

ပုံမှန်ကလစ်ကာတွေအပြင် တော်လှန်ရေးပို့စ်တွေကနေ ဝင်ငွေရှာနေတဲ့ ထောက်ပို့သမားတွေ အတွက်လည်း ကောင်းကျိုး ရှိလာနိုင်တယ်လို့ တော်လှန်ရေးကိုထောက်ပံ့ကူညီနေတဲ့ ကိုဇင်ဇေက ပြောပါတယ်၊

“ကလစ်ကာတွေ နောက် တော်လှန်ရေးနဲ့ပတ်သက်တဲ့ ပို့စ်တွေကို စနစ်တကျ  RCS ပေါ့။ react, comments and share လုပ်ပေးနေတဲ့သူတွေ သူတို့အတွက်က ပိုပြီးကောင်းကျိုး ဖြစ်သွားလိမ့်မယ်ပေါ့။ ဘာလို့လဲဆိုတော့ အခုဆို censorship က တအားတင်းကျပ်တဲ့ သဘောရှိတယ်။ တချို့ key words တွေ ပါတာနဲ့တင် ပို့စ်ကို ဖျက်ချမခံရရင် တောင် ပို့စ်ရဲ့ ပျံ့နှံ့နှုန်း သိသိသာသာကြီး လျှော့ချခံထားရတယ်ဆိုတာမျိုးတွေပေါ့။ ဒါပေမဲ့ တချက်မှာ သတိတော့ ပြန်ထားရမှာက ဆိုးဆိုးဝါးဝါး အစွန်းရောက်ပြီးတော့ ပြင်းထန်လွန်းတဲ့ တုံ့ပြန်တဲ့ ပုံစံတွေ ပြင်းထန်လွန်းတဲ့ လှုံ့ဆော်မှုတွေနဲ့ပတ်သက်ပြီးတော့ ပို့စ်တွေပါရောပြီး ပြန့်လာနိုင်မလားဆိုတာတော့ သတိထား စောင့်ကြည့်ရမယ့် သဘောတော့ရှိမယ်ထင်တယ်။”

ဖေ့စ်ဘွတ်ခ်ရဲ့ မူဝါဒသစ်ကြောင့် တခြားတဖက်မှာလည်း  စစ်ကောင်စီနဲ့ ပတ်သက်တဲ့ လူမှုကွန်ရက်တွေ၊  စစ်တပ်လော်ဘီ စာမျက်နှာတွေ၊ မဘသတွေနဲ့ တခြား အမုန်းတရားဖြန့်တဲ့ လူမှုကွန်ရက်တွေ  ပြန်ရောက်လာမှာကိုလည်း စိုးရိမ်မှုတွေရှိနေပါတယ်။ 

ဒါပေမဲ့ တိကျတဲ့ အကျိုးသက်ရောက်မှုတွေကို သိနိုင်ဖို့ ထပ်မံကြေညာမယ့် ဖေ့စ်ဘွတ်ခ်ရဲ့ မူဝါဒအသစ်တွေကို ဆက်လက်စောင့်ကြည့်ရမှာလည်း ဖြစ်ပါတယ်။ 

Meta ရဲ့ ထုတ်ပြန်ကြေညာချက်အရ မြန်မာနိုင်ငံမှာ ၂၀၂၄ ခုနှစ်အစောပိုင်းထိ   ဖေ့စ်ဘွတ်ခ် အသုံးပြုသူ  ၁၈ သန်းခွဲ ရှိခဲ့ပြီး အင်စတာဂရမ်အသုံးပြုသူ ၁ ဒသမ ၇၅ သန်းရှိတယ်လို့ သိရပါတယ်။

ဝေဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013