DVB Logo
Home
မြန်မာသတင်း
ကျားဖြန့်တွင် အဖမ်းခံရသူများလွတ်မြောက်ရေး ဟောင်ကောင်လူကုန်ကူးတိုက်ဖျက်ရေးအဖွဲ့ စေလွှတ်
DVB
·
January 14, 2025
ကျားဖြန့်တွင် အဖမ်းခံရသူများလွတ်မြောက်ရေး ဟောင်ကောင်လူကုန်ကူးတိုက်ဖျက်ရေးအဖွဲ့ စေလွှတ်
Donate to DVB

မြန်မာနယ်စပ် ကျားဖြန့် အွန်လိုင်းလိမ်လည် ရာဇဝတ်ဂိုဏ်းတွေထဲ ပျောက်ဆုံးနေသူတွေ လွတ်မြောက်ရေးအတွက် ထိုင်းနိုင်ငံ လုံခြုံရေးတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ ဇန်နဝါရီ ၁၂ ရက်မှာ ဟောင်ကောင် လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့တဖွဲ့ စေလွှတ်လိုက်တဲ့အကြောင်း Channel News Asia သတင်းမှာ ဖော်ပြပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ ရက်ပိုင်းမှာတင် ဖြစ်သွားခဲ့တဲ့ ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့ကနေ ပျောက်ဆုံးသွားခဲ့ပြီး မြန်မာဘက်က ကျားဖြန့်ဂိုဏ်းတခုကနေ ပြန်လည်လွတ်မြောက်လာခဲ့တဲ့ တရုတ်သရုပ်ဆောင်မင်းသား ဝန်ဇင်းရဲ့ သတင်း ဟိုးလေးတကြော်ဖြစ်ခဲ့ပြီးနောက် ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

ဟောင်ကောင် လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့ဟာ ထိုင်းနိုင်ငံက တရုတ်သံရုံးအာဏာပိုင်တွေ၊ သက်ဆိုင်ရာ ထိုင်းအာဏာပိုင်တွေနဲ့ တွေ့ဆုံပြီးတော့ ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ ပိတ်မိနေသူတွေကို ရှာဖွေရာမှာ စုံစမ်းထောက်လှမ်းရေးဆိုင်ရာ ကိစ္စတွေအတွက် အကူအညီတွေ လဲလှယ်တောင်းဆိုကြမယ်လို့ ဆိုပါတယ်။

ဟောင်ကောင်လုံခြုံရေးဗျူရိုကတော့ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒုတိယသုံးလပတ်ကာလတွေ ကတည်းက ဟောင်ကောင်နိုင်ငံသားတွေဟာ အရှေ့တောင်အာရှဒေသတွေအတွင်းက နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းတွေထဲ ကျွန်တွေလို အခြေအနေမျိုးနဲ့ အလုပ်လုပ်ဖို့ ဖြားယောင်းသွေးဆောင်ခံရတယ်လို့ သံသယရှိတဲ့အကြောင်း ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဟောင်ကောင်ဥပဒေစိုးမိုးရေးအေဂျင်စီတွေကတော့ သူတို့အနေနဲ့ မိသားစုဝင်တွေဆီက အကူအညီတောင်းခံမှု ၂၈ ခုကို လက်ခံရရှိခဲ့ပြီး အဲဒီထဲက ၁၆ ဦးကတော့ ပြန်လည် ရောက်ရှိလာခဲ့ပြီလို့ ပြောပါတယ်။

ကျန်တဲ့ ၁၂ ဦးအမှုကတော့ သူတို့ရဲ့ သွားလာလှုပ်ရှားမှုတွေကို ကန့်သတ်ထိန်းချုပ်ထားခံရတယ်လို့ ဟောင်ကောင်လုံခြုံရေးဗျူရိုက ပြောပေမယ့် သူတို့ဟာ ဘေးကင်းလုံခြုံပြီး မိသားစုတွေကို ဆက်သွယ်နိုင်ဆဲဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၂၂ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အစောပိုင်းကာလတွေအတွင်းမှာတော့ ဟောင်ကောင်အာဏာပိုင်တွေက မြန်မာနဲ့ ကမ္ဘောဒီးယား ကျားဖြန့်အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေထဲ ပိတ်မိနေသူတွေဆီက အကူအညီတောင်းခံမှု ၄၆ ခုကို လက်ခံရရှိခဲ့ပြီး အဲဒီထဲက ၄၃ ယောက် လွတ်မြောက်လာခဲ့ကာ ကျန် ၃ ယောက်ကတော့ နောက်ထပ်အကူအညီတွေကို ငြင်းဆိုခဲ့တယ်လို့ ပြောပါတယ်။

လတ်တလောမှာတော့ ထိုင်းနိုင်ငံကတဆင့် မြန်မာကျားဖြန့်အွန်လိုင်း ရာဇဝတ်ဂိုဏ်းတွေထဲ လူကုန်ကူးခံရတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး တရုတ်ခရီးသွားတွေကြား စိုးရိမ်မှုတွေ မြင့်တက်နေသလို တရုတ်သရုပ်ဆောင်မင်းသား ဝန်ဇင်းရဲ့ အမှုကိစ္စအပြီး ထပ်မံပြီးတော့ ပျောက်ဆုံးနေတဲ့ တရုတ်နိုင်ငံသား ၂ ယောက်ကိုလည်း ထိုင်းအာဏာပိုင်တွေက ရှာဖွေနေတယ်လို့ ဆိုပါတယ်။

ထိုင်းဝန်ကြီးချုပ် ဖဲထောင်းထန်း ရှင်နာဝပ်ထရာက ခုလိုကိစ္စတွေက ထိုင်းနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းကဏ္ဍကို ထိခိုက်စေပြီး အစိုးရအနေနဲ့ တရုတ်နဲ့ နိုင်ငံတကာ ခရီးသွားတွေအကြား ယုံကြည်မှု ပြန်လည်တည်ဆောက်ဖို့ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

သီးခြားလွတ်လပ်တဲ့ သုတေသနအဖွဲ့တခုဖြစ်တဲ့ ISP Myanmar အဖွဲ့က ထုတ်ပြန်ချက် မှာတော့ ထိုင်း-မြန်မာနယ်စပ်တလျှောက် တာချီလိတ်၊ ရွှေကုက္ကိုလ်၊ မြဝတီ၊ ဖလူး၊ ကျောက်ခက်၊ ဆုံစည်းမြိုင်၊ ဝေါလေ၊ ဘုရားသုံးဆူ၊ ထီးခီး၊ ကော့သောင်း စတဲ့ မြို့တွေမှာ ကျားဖြန့်လုပ်ငန်းပေါင်း ၅၀ နီးပါး လုပ်ကိုင်နေပြီး ဒီလုပ်ငန်းတွေ မြန်မာမှာ အမြစ်ပြတ်မယ့်ပုံ မမြင်ရသေးဘူးလို့ ပြောထားပါတယ်။

ရှမ်းမြောက်ဒေသ တရုတ်နယ်စပ်ကနေ တောင်ဘက်ပိုင်း ထိုင်းနယ်စပ်အထိ ကျားဖြန့် နှိမ်နင်းမှုတွေနဲ့ဆက်စပ်ပြီး ထုတ်ပြန်တဲ့ သုတေသနအစီရင်ခံစာထဲမှာ ခုလို ဖော်ပြထားတာ ဖြစ်ပြီးတော့ မြန်မာနိုင်ငံမှာ ကျားဖြန့်လုပ်ငန်းတွေ လုပ်ကိုင်ဖို့အတွက် ပြည်ပနိုင်ငံပေါင်း ၂၅ နိုင်ငံထက်မနည်းက နိုင်ငံခြားသားတွေ ဝင်ရောက်ခဲ့ကြတယ်လို့လည်း ဖော်ပြထားပါတယ်။

မြန်မာကို ဝင်ရောက်တဲ့အခါ တိုက်ရိုက်ဖြစ်စေ၊ ထိုင်း၊ မလေးရှား၊ လာအို၊ ယူအေအီး စတဲ့ ကြားခံ Transit နိုင်ငံတွေကတဆင့် ဖြစ်စေ ဝင်ရောက်ကြတာလို့ ဆိုပါတယ်။

Source: Channel News Asia 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013