DVB Logo
Home
မြန်မာသတင်း
ပေါက်မြို့နယ်တွင် ရဲတပ်သားအချို့ လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်
DVB
·
January 13, 2025
ပေါက်မြို့နယ်တွင် ရဲတပ်သားအချို့ လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်
Donate to DVB

မကွေးတိုင်း၊ ပေါက်မြို့၊ မြို့မရဲစခန်းက စစ်ကောင်စီလက်အောက်ခံ ရဲတပ်သားတယောက်  ဇန်နဝါရီ ၁၀ ရက်မှာ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ သိရပါတယ်။

ပေါက်မြို့မရဲစခန်းကနေ အလင်းဝင်ရောက်လာသူဟာ ရဲတပ်သား အေးချမ်းအောင်ဖြစ်ပြီး သူအလင်းမဝင်ခင် အရင်တရက်ကတည်းက ကြိုတင်ချိတ်ဆက်ပြီး အလင်းဝင်လာတာလို့    ရေစကြို ပကဖ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ရဲတပ်သား အေးချမ်းအောင်ဟာ G3 သေနတ် ၁ လက်၊ ကျည်ဘောက် ၁ ခု၊ G3 ကျည် အတောင့် ၉၀ တို့နဲ့အတူ အလင်းဝင်ရောက်လာခဲ့တာဖြစ်ပြီး သူ့ကို ဆုကြေးငွေ ကျပ်သိန်း ၃၀ ချီးမြှင့်ခဲ့ပါတယ်။

ရေစကြို ပကဖတာဝန်ခံ ကိုဝေကြီးက “အခုအလင်းဝင်လာတဲ့ ရဲတပ်သားက လုပ်သက် ၁၀ နှစ်နီးပါးလောက် ရှိပြီ။ ကျန်ခဲ့တဲ့ ၁ နှစ်လောက်ကတည်းက အလင်းဝင်ဖို့ ကြိုးစားနေတာ အခွင့်အခါမသင့်လို့ အခုမှ အဆင်ပြေသွားတာပါ။ သူတာဝန်ကျတဲ့ ပေါက်မြို့မရဲစခန်းနားအထိ သွားရောက်ခေါ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။ အခုလက်ရှိက သူတို့ စစ်ကောင်စီ လက်အောက်ခံတွေ စစ်သားက ရဲကို အနိုင်ကျင့် ဗိုလ်ကျနေလို့ အချင်းချင်းတွေကို မပြေလည်တာတွေ ရှိနေတယ်။ သူအလင်းဝင်လာတဲ့ အကြောင်းကတော့ အဲလိုတွေကြောင့်လို့ သိရတယ်” လို့ DVB ကို ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ရေစကြို ပကဖ ဆီကို ခိုဝင်ဘက်ပြောင်း အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ ၁၀ ယောက်အထိ ရှိနေပြီဖြစ်ကာ အလင်းဝင်လာကြသူတွေရဲ့ ဆန္ဒအတိုင်း လုံခြုံတဲ့နေရာတွေကို ပို့ဆောင်ပေးထားတယ်လို့လည်း သူကဆက်ပြောပါတယ်။

ကျန်ရှိနေသေးတဲ့ စစ်ကောင်စီလက်အောက်ခံတွေကိုလည်း နီးစပ်ရာ တော်လှန်ရေးအဖွဲ့တွေဆီမှာ အမြန်ဆုံး အလင်းဝင်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံကြဖို့ ရေစကြို ပကဖက တိုက်တွန်းထားပါတယ်။

ဇန်နဝါရီ ၄ ရက်ကလည်း ညောင်ဦးမြို့က ခုတင် ၁၀၀ ဆေးရုံမှာ တာဝန်ကျနေတဲ့ မိတ္ထီလာ၊ ရဲတပ်ရင်း ၃၅ က အသက် ၁၉ နှစ်အရွယ် ရဲတပ်သား နေသူအောင်ဟာလည်း Southern YSO PDF အဖွဲ့ကို လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာခဲ့ပါတယ်။

ဇန်နဝါရီ ၄ ရက်မှာပဲ ပေါက်မြို့နယ်တောင်ပိုင်း ကိုင်းလယ်ရဲစခန်းက ရဲတပ်သားတယောက်  ခဲယမ်းတွေနဲ့အတူ ပခုက္ကူခရိုင်တပ်ရင်း ၁၂ ဆီကို အလင်းဝင်ရောက်လာပါတယ်။

အဆိုပါ ရဲတပ်သားနဲ့အတူ G3 သေနတ် ၁ လက်၊ G3 ကျည်အတောင့် ၁၈၀၊ ကျည်‌ဘောက် ၂ ခုနဲ့ လက်ပစ်ဗုံးတလုံး ပါလာတယ်လို့ ပခုက္ကူခရိုင်တပ်ရင်း ၁၂ ရဲ့ တပ်ရေးတာဝန်ခံ ကိုဘသိုက်က ပြောပါတယ်။

“အမြင်မှန်ရပြီး အလင်းဝင်လာတဲ့ အဲဒီ ရဲတပ်သားကို လောလောဆယ်တော့ ကျနော်တို့အဖွဲ့ကပဲ လုံခြုံတဲ့နေရာမှာ စောင့်ရှောက်ပေးထားပါတယ်။ သူ့ကို ဆုကြေးငွေချီးမြှင့်ဖို့လည်း အထက်ကို တင်ပြထားပါတယ်။ နောက်ထပ် CDM လုပ်ပြီး အလင်းဝင်ရောက်လိုကြတဲ့ စစ်ကောင်စီ လက်အောက်ခံတွေကိုလည်း ကျနော်အဖွဲ့က အချိန်မရွေး လက်ခံကြိုဆိုနေပါတယ်။”

ပြီးခဲ့တဲ့နှစ် ဇွန် ၉ ရက်နဲ့ ဒီဇင်ဘာ ၂၆ ရက်တွေကလည်း အဆိုပါ ကိုင်းလယ်ရဲစခန်းက ရဲတပ်ဖွဲ့ဝင် ၂ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ CDM ပြုလုပ်ပြီး တခြားတော်လှန်ရေးတပ်ဖွဲ့ဆီမှာ အလင်းဝင်ရောက်သွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013