DVB Logo
Home
မြန်မာသတင်း
ပင်လောင်းတွင် တို့ဆေးသုံးပြီး ငွေလုခံရမှု များလာ
DVB
·
January 12, 2025
ပင်လောင်းတွင် တို့ဆေးသုံးပြီး ငွေလုခံရမှု များလာ
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့မှာ တို့ဆေးသုံးပြီး ငွေလုယူသွားတဲ့ဖြစ်စဉ်တွေ ပိုများလာတယ်လို့  ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်ဝါရီ ၅ ရက်နေ့မှာ ပေါအင်းကျေးရွာကတောင်သူတယောက် နောင်တရားကို စျေးလာဝယ်တုန်း ရွှေဝယ်ပြီးနောက် တို့ဆေးမိပြီး ဝယ်ထားတဲ့ရွှေ ၁ ကျပ်သားနဲ့ ငွေကျပ်သိန်း ၇၀ ပါသွားခဲ့တယ်လို့ သိရပါတယ်။

စျေးကော်မတီအဖွဲ့ဝင်တယောက်က “အရင်ဒီဇင်ဘာလက ၄ ကြိမ်ဖြစ်သွားတယ်။ ခုတလတော့ တခေါက်ပဲဖြစ်သေးတယ်။ သူများအမြင်က အဲဒီငွေပါသွားတဲ့အမျိုးသမီးက အမျိုးသား နှစ်ယောက်ကို အသိမိတ်ဆွေသဖွယ်စကားပြောပြီး ပိုက်ဆံပေးသွားတာ။ အဲဒါကို  မြင်ခဲ့တဲ့လူတွေလည်း ရှိပါတယ်။ တခြားငွေပါသွားတဲ့လူလည်း ထိုနည်းတူပါပဲ။ ခု တို့ဆေးက ခါးပိုက်နှိုက်တွေထက်ဆိုးနေပြီ” လို့ ပြောပါတယ်။

တို့ဆေးမိတဲ့သူဟာ ဆေးထိပြီးနောက် မိနစ် ၂၀ လောက် မတုန့်ပြန်နိုင်ဘဲ ထုံထိုင်းပြီး တဖက်လူ ပြောသလိုလုပ်ပြီး ခေါ်ဆောင်ရာနောက်ကို လိုက်သွားတတ်တယ်လို့ ဆိုကြပါတယ်။

ဒေသခံတယောက်က “အရမ်းကြောက်ဖို့ကောင်းတယ်။ အမျိုးသားရော အမျိုးသမီးရော စျေးသွားတာဖြစ်ဖြစ်၊ အပြင်သွားတာဖြစ်ဖြစ်၊ တယောက်တည်း မသွားသင့်ဘူး။ အထူးသဖြင့် ရွှေတွေ၊ ငွေတွေ၊ တန်ဖိုးကြီး ဖုန်း၊ နားကပ် လက်ဝတ်လက်စားဝတ်သူ ကိုင်သူကို အဓိကပစ်မှတ်ထား လုပ်သွားတာတွေ့ရတယ်။ ခေတ်က တကယ်ကိုကြောက်ဖို့ကောင်းတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်  ဒီဇင်ဘာ ၃၁ ရက်နေ့မှာ စျေးလာသူ အမျိုးသမီးတယောက်ရဲ့ ငွေကျပ် ၃၄ သိန်းနဲ့ ဖုန်းတလုံး၊ ဒီဇင်ဘာ ၃၀ ရက်နေ့မှာ ရွှေရောင်းသူတယောက်ဆီက ငွေကျပ် သိန်း ၁၀၀၊ ဒီဇင်ဘာ ၂၀ ရက်နေ့က နောင်တရားစျေးသစ်မှာ အမျိုးသားတယောက်ဆီက ငွေကျပ်သိန်း ၁၀၀ နဲ့ ဒီဇင်ဘာ ၁၈ ရက်နေ့မှာ စျေးဝယ်သူအမျိုးသမီးတယောက်ဆီက ရွှေ ၁ ကျပ်သားနဲ့ ငွေသိန်း ၃၀ တို့ဆေးမိပြီး ဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

တို့ဆေးအန္တရာယ်နဲ့ ပတ်သက်ပြီး နယ်မြေထိန်းချုပ်သူ PNO ပြည်သူ့စစ်က စုံစမ်းစစ်ဆေးတာ လုံခြုံရေးတိုးမြှင့်တာတွေ ပြုလုပ်နေပေမယ့် ကျူးလွန်သူတွေကို ဒီနေ့အထိ မဖမ်းနိုင်သေးဘဲ စျေးလာသူတွေ တို့ဆေးမိနေကြဆဲဖြစ်တယ်လို့ဒေသခံတွေပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013