DVB Logo
Home
မြန်မာသတင်း
ပုဂံဒေသတွင် စစ်ရေးလှုပ်ရှားမှုများပြုလုပ်တော့မည်ဟု ပကဖ ပြော
DVB
·
January 12, 2025
ပုဂံဒေသတွင် စစ်ရေးလှုပ်ရှားမှုများပြုလုပ်တော့မည်ဟု ပကဖ ပြော
Donate to DVB

ရှေးဟောင်းယဉ်ကျေးမှုနယ်မြေပုဂံဒေသမှာ စစ်ရေးလှုပ်ရှားမှုတွေပြုလုပ်တော့မယ်လို့ ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီကနေ သိရပါတယ်။

ညောင်ဦး ပကဖ ရဲ့ ပြန်ကြားရေးတာဝန်ခံတယောက်က “ပုဂံဒေသဟာ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်ဖြစ်ပေမယ့် တိုက်ပွဲမဖြစ်ရဘူး။ ကျည်မကျရဘူးဆိုတာ မဟုတ်ပါဘူး။ NUG က ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ စစ်ရေးလှုပ်ရှားမှုတွေကို ဆောင်ရွက်သွားမှာပါ” လို့ ပြောပါတယ်။

စစ်တပ်ကအရပ်သားအစိုးရဆီကနေ အာဏာသိမ်းပြီးကာလအတွင်း အာဏာသိမ်းတာကို လက်မခံတဲ့ ပုဂံဒေသပြည်သူတွေရဲ့ ဆန္ဒထုတ်ဖော်ပွဲတွေမှာ စစ်ကောင်စီလက်အောက်ခံတွေက လက်နက်မဲ့ ဆန္ဒပြပြည်သူတွေကို သေနတ်နဲ့ပစ်ခတ်ဖြိုခွင်းခဲ့လို့ ပုဂံပြည်သူ ၁ ယောက် ကျဆုံးခဲ့ရတဲ့အတွက် ယူနက်စကိုအသိအမှတ်ပြုပုဂံမြေမှာ ကျည်ဆံကျခဲ့ပြီးဖြစ်တယ်လို့လည်း ဆိုပါတယ်။

ညောင်ဦး ပကဖ တာဝန်ခံ ကိုဇီး က “ပုဂံဒေသဟာ ရှေးဟောင်းဘုရားတွေ များပြားတဲ့မြို့တမြို့ဖြစ်လို့ ယူနက်စကိုက အသိအမှတ်ပြုထားတယ်ဆိုတာဟာ ပြည်သူတွေအားလုံးသိကြပါတယ်။ ပြည်သူတွေသိနေကြတာက ယူနက်စကိုနယ်မြေထဲမှာ ကျည်ကျလို့မရဘူးပေါ့။ ဒါပေမယ့် ယူနက်စကိုနယ်မြေဆိုပြီးတော့ စစ်ကောင်စီရဲ့ လက်နက်အားကိုးပြီးအနိုင်ကျင့်ဗိုလ်ကျနေတာကို လက်ပိုက်ကြည့်နေလို့ မရတော့ဘူး။ အထက်ကချမှတ်ထားတဲ့စစ်ရေးစီမံချက်တွေအတိုင်းပဲ ပုဂံညောင်ဦးမြို့နယ်ထဲက စစ်ကောင်စီလက်အောက်ခံတွေ၊ သူတို့နဲ့ပတ်သက်သူတွေနဲ့ ပျူစောထီးပြည်သူ့စစ်တွေကို အခွင့်အရေးရရင်ရသလို ချေမှုန်းတိုက်ခိုက်သွားမှာဖြစ်ပါတယ်။ စစ်ရေးဖော်ဆောင်တဲ့ နေရာမှာလည်း သူတို့စစ်ကောင်စီလက်အောက်ခံတွေလို ပရမ်းပတာ တွေ့ကရာကို ရမ်းသမ်းပစ်ခတ်သွားမှာမဟုတ်ဘူးဆိုတာတော့ အားလုံးသိစေချင်တယ်ဗျ။ ကျနော်တို့ကြောင့်တော့ ရှေးဟောင်းဘုရားပုထိုးတွေ မပျက်စီးစေရဘူးဆိုတာတော့ ရဲရဲကြီးပြောရဲတယ်” လို့ DVB ကို ပြောပါတယ်။

နိုင်ငံနဲ့အဝန်း စစ်အာဏာရှင်ကိုတော်လှန်နေတဲ့အချိန်ကာလဖြစ်သလို ပုဂံဒေသအတွင်းမှာလည်း မဟာမိတ်တပ်ဖွဲ့တွေနဲ့ပူးပေါင်းပြီး စစ်ရေးအရှိန်တွေမြှင့်တော့မှာဖြစ်လို့ ဘုရားဖူးပြည်သူတွေ အနေနဲ့ အပျော်အပါးခရီးထွက်တာတွေနဲ့ ပွဲလမ်းသဘင်တွေကိုလျှော့ချပြီး တော်လှန်ရေးဘက်မှာ အာရုံစိုက်ပေးကြဖို့ တိုက်တွန်းလိုတယ်လို့လည်း သူက ဆက်ပြောပါတယ်။

ပုဂံဒေသမှာစစ်ရှေးအရှိန်တွေမြှင့်တင်တဲ့အခါမှာ သက်ဆိုင်ရာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်လာမယ့် သတိပေးတားမြစ်ချက်တွေကိုလိုက်နာကြဖို့နဲ့ လိုက်နာမှုမရှိသူတွေကိုတော့ ဖြစ်ပေါ်လာတဲ့အကျိုးဆက်တွေအပေါ်မှာ တာဝန်ယူဖြေရှင်းပေးမှာမဟုတ်​ဘူးလို့ ညောင်ဦး ပကဖ ဆီကနေ သိရပါတယ်။

ယူနက်စကိုအသိအမှတ်ပြုပုဂံဒေသရဲ့ ညောင်ဦးမြို့နယ်အနောက်ခြမ်းက ပျူစောထီး စိုးမိုးနယ်မြေတွေမှာ စစ်ကောင်စီလက်အောက်ခံပျူစောထီးတွေဟာ ပြည်သူတွေကို ဓားပြတိုက်လုယက်ပစ်ခတ်သတ်ဖြတ်တာတွေ မကြာခဏပြုလုပ်နေတယ်လို့ ဆိုပါတယ်။

ပုဂံဒေသမှာစစ်ဖြစ်လာရင် ရှေးဟောင်းဘုရား ပုထိုး၊ စေတီတွေမထိခိုက်အောင် စစ်တိုက်မယ်ဆိုတာ မဖြစ်နိုင်ဘူးလို့လည်း စစ်ကောင်စီလက်အောက်ခံတွေက အမျိုးမျိုးဝေဖန်ပြောဆို ရေးသားတာတွေလည်း ရှိနေပါတယ်။

ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ ၂၀၂၄ အတွင်း တိုက်ပွဲပေါင်း ၂၀ ကျော် ဖော်ဆောင်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်၊ ရဲတပ်ဖွဲ့ဝင်နဲ့ ပျူစောထီးတွေအပါအဝင် စစ်ကောင်စီလက်အောက်ခံ ၇၀ ကျော်ကို ရှင်းလင်းနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013