
အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယာပြည်နယ် လော့စ်အိန်ဂျလိစ်ကောင်တီမှာ ဇန်နဝါရီ ၇ ရက်ကတည်းက တောမီး ၆ ခု တပြိုင်နက်တည်း လောင်ကျွမ်းခဲ့ပြီး လူ ၁၁ ဦးထက်မနည်း သေဆုံးကာ အလုံးစုံ လောင်ကျွမ်းပြာကျတာနဲ့ တစိတ်တပိုင်း ထိခိုက်ပျက်စီးခဲ့ရတဲ့ အဆောက် အအုံပေါင်း ၁ သောင်းလောက် ရှိပါတယ်။
လော့စ်အိန်ဂျလိစ် ရဲချုပ် ဂျင်မ်မက်ဒွန်းနဲလ်ဟာ ဇန်နဝါရီလ ၁၀ ရက် ညပိုင်းမှာ လော့စ်အိန်ဂျလိစ် မြို့ရှိ ဘေးကင်းခိုလှုံရာဇုန်တွေအားလုံးအတွက် ညမထွက်ရအမိန့် ညမထွက်ရအမိန့်ကို ထုတ်ပြန် ကြေညာထားပါတယ်။
ဒေသစံတော်ချိန် ညနေ ၆ နာရီမှ မနက် ၆ နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားတာဖြစ်ပြီး အခု သီတင်းပတ် တွင်း ကယ်လီဖိုးနီးယားမှာ တောမီးကြောင့် မီးလောင်ပျက်စီးခဲ့တဲ့ ထောင်နဲ့ချီတဲ့ အဆောက်အအုံတွေအတွင်းကို လုယက်သူတွေ ဝင်ရောက်ခြင်းမှ တားဆီးဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။
ပြည်သူ့ဘေးကင်းရေးဝန်ထမ်း သို့မဟုတ် တခြားမီးဘေးဒုက္ခသည်တွေ မဟုတ်ဘဲ အဲဒီနေရာတွေ မှာ ရှိနေစရာ အကြောင်းမရှိတဲ့သူတွေ၊ အမိန့်မလိုက်နာသူတွေ၊ ကာဖျူး ချိုးဖောက်သူတွေ၊ တမင်တကာ လျစ်လျူရှုတဲ့ ဘယ်သူမဆိုဟာ တည်ဆဲအမိန့်၊ ကြားဖြတ်အမိန့် ရဲ့ သက်ဆိုင်ရာ ဥပဒေပုဒ်မတွေ အရ အဖမ်းခံရလိမ့်မှာ ဖြစ်ပြီး ငွေဒဏ် ဒေါ်လာ ၁ ထောင် သို့မဟုတ် ထောင်ဒဏ် ၆ လ သို့မဟုတ် ဒဏ် ၂ ရပ်လုံးကို ချမှတ်ခံရမှာ ဖြစ်တယ်လို့ ရဲချုပ် မက်ဒွန်းနဲလ်က ပြောပါတယ်။
သမ္မတ ဂျိုးဘိုင်ဒန်က ဇန်နဝါရီ ၁၀ ရက်မှာ သူ့ရဲ့ ဘဲဥပုံရုံးခန်းကနေ ကယ်လီဖိုးနီးယားရှိ တာဝန်ရှိသူတွေနဲ့ ဗီဒီယိုညီလာခံ ပြုလုပ်ချိန်အတွင်း တောမီး ဘေးသင့်ပြည်နယ်ကို အပြည့်အဝ အကူအညီ ပေးမယ်လို့ အာမခံ ပြောကြားထားပါတယ်။
သီတင်းပတ်ကုန်အထိ လေပြင်းတိုက်ခတ်မှုတွေဟာ ဒေသအတွက် ခြိမ်းခြောက်မှု တခုအဖြစ် ဆက်ရှိနေဦးမယ်လို့ သတိပြုမိပြီး အဲဒီမီးလောင်ကျွမ်းမှုကို တတ်နိုင်သမျှ အမြန်ဆုံး ရပ်တန့်အောင် ပြည်နယ်နဲ့ ဒေသဆိုင်ရာ တာဝန်ရှိသူတွေကို ပံ့ပိုးကူညီဖို့ သူ့ရဲ့အုပ်ချုပ်ရေး အဖွဲ့ဟာ တရက်မှာ ၂၄ နာရီနှုန်းနဲ့ ၇ ရက်ပတ်လုံး လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း ပြောပါတယ်။
သောကြာနေ့အစောပိုင်းအထိ လော့စ်အိန်ဂျလိစ်မှာ မီးလောင်မှုကြီး ၃ ခုထက်မနည်း လောင်ကျွမ်းနေဆဲ ဖြစ်ပါတယ်။
ကြာသပတေးနေ့က ပါလိဆေ့ဒ်စ်နဲ့ အီတန် တောမီးတွေအပြင် နာမည်ကျော်ပုဂ္ဂိုလ်တွေ၊ ကမ္ဘာကျော်အနုပညာရှင်တွေ နေထိုင်ရာ ကလာဘာဆာ့စ်အနီးမှာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပါတယ်။
နာရီပိုင်းအတွင်းမှာ ဧက ၉၆၀ အထိ တိုးချဲ့ လောင်ကျွမ်းခဲ့တဲ့ အဲဒီ ကန်နသ်တောမီးကို သောကြာနေ့ အစောပိုင်းမှာ ၃၅ ရာခိုင်နှုန်း ထိန်းချုပ်နိုင်ခဲ့ပါတယ်။
မီးသတ်သမားတွေဟာ လော့စ်အိန်ဂျလိစ် ရဲ့ အရှေ့ပိုင်းနဲ့ အနောက်ပိုင်းတွေမှ အဓိက တောမီးကြီး ၂ ခုကို သောကြာနေ့မှာ စတင်ထိန်းချုပ်နိုင်ခဲ့တာကြောင့် လေပြင်းတွေကြောင့် ရက်ပေါင်းများစွာ ပြင်းထန်စွာ လောင်ကျွမ်းခဲ့တဲ့ တောမီးဟာ နောက်ဆုံးတော့ မီးငြိမ်းသွားကာ သက်သာ သွားခဲ့ပါတယ်။
မီးသတ်သမားတွေဟာ လုံလောက်တဲ့ ဘေးကင်းမှုရှိပြီ ဆိုတာနဲ့ တအိမ်ပြီး တအိမ် ရှာဖွေမှုတွေ ပြုလုပ်မှာ ဖြစ်တာကြောင့် ထိခိုက်ပျက်စီးမှု အရေအတွက် တိုးလာမယ်လို့ မျှော်လင့်ထား ပါတယ်။
Source : Reuters