DVB Logo
Home
မြန်မာသတင်း
ကန်ကျနပူရီတွင် တရားမဝင်မြန်မာများတင်လာသောကား ၂ စီးတိုက်မိ၊ ၁ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရ 
DVB
·
January 10, 2025
ကန်ကျနပူရီတွင် တရားမဝင်မြန်မာများတင်လာသောကား ၂ စီးတိုက်မိ၊ ၁ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရ 
Donate to DVB

ထိုင်း-မြန်မာနယ်စပ် ကန်ကျနပူရီခရိုင် ဆန်ခလပူရီမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၈ ရက်က တရားမဝင်မြန်မာတွေ တင်ဆောင်လာတဲ့ ကား ၂ စီး အချင်းချင်းတိုက်မိပြီး ကားပေါ်ပါလာတဲ့ မြန်မာ ၁ ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာရသွားတယ်လို့  မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

ဇန်နဝါရီ  ၈ ရက် မနက် ၁ နာရီလောက်က ဆန်ခလပူရီမြို့နယ် နောင်လူးအုပ်စု ဘုရားသုံးဆူ ကျေးရွာ (ထိုင်းဘက်) က လမ်းမကြီးအမှတ် ၃၂၃ ပေါ်မှာ ယာဉ်တိုက်မှုဖြစ်ကြောင်း သတင်း ပေးချက်ရတဲ့အတွက် လူနာတင်ယာဉ်နဲ့အတူ သွားရောက်စစ်ဆေးခဲ့တယ်လို့ ဆန်ခလပူရီ နယ်မြေ ရဲစခန်း တာဝန်ကျရဲမှူးက သတင်းထောက်တွေကို ပြောပါတယ်။ 

အခင်းဖြစ်နေရာမှာ ဘေးကနေ ကြီးမားရှည်လျားတဲ့ ပွတ်တိုက်ရာရထားတဲ့ မီးခိုးရောင်အီစူးဇူး ဟိုင်းလပ်စ်ကားတစီးရပ်ထားတာကို တွေ့ရတယ်၊ ကားပေါ်မှာတော့ လူမရှိဘူး၊ ယာဉ်မောင်းလည်း ထွက်ပြေးသွားပြီလို့ အနီးနားဝန်းကျင် သက်သေက ပြောပါတယ်။ 

အဆိုပါနေရာနဲ့ ၁၀ မီတာခန့်အကွာမှာတော့ သစ်ပင်တပင်ကို အရှိန်ပြင်းစွာတိုက်ထားပြီး ကားခေါင်းတခုလုံး ပျက်စီးနေတဲ့ အနက်ရောင်အီစူးဇူးဟိုင်းလပ်စ် ၁ စီး၊ အဲဒီနေရာအနီးမှာ သစ်ပင်ပိပြီး သေဆုံးနေတဲ့ အမျိုးသမီး တဦးကိုတွေ့ရတယ်၊ သူမအမည်မှာ နော်ဆောင်းလို့ခေါ်တယ်၊ သူ့ကို ဆန်ခလပူရီဆေးရုံရင်ခွဲရုံ ပို့ထားတယ်လို့ ဆိုပါတယ်။ 

ယာဉ်မောင်းသမားနဲ့ ကားပေါ်လိုက်ပါလာသူတွေတော့ မတွေ့ရပါဘူး။ အဆိုပါနေရာနဲ့ မနီးမဝေးမှာတော့ နောက်ထပ်ဒဏ်ရာရတဲ့ အမျိုးသား ၁ ဦးတွေ့ပါတယ်။  ၁ ဦးမှာ ဇော်အောင်ဆိုသူဖြစ်ပြီး တင်ပဆုံ နဲ့ ဦးခေါင်းမှာ ထိခိုက်ဒဏ်ရာရတယ်၊ နောက်တဦးမှာ စိုးပိုင်ဦးဆိုသူဖြစ်ပြီး သူလည်း ဦးခေါင်းမှာ ဒဏ်ရာရတယ်။ 

ဒဏ်ရာရသူနှစ်ဦး ပြောပြချက်အရ သူတို့တွေဟာ ထိုင်းမှာအလုပ်လုပ်ဖို့ မြန်မာဘက်ခြမ်း ဘုရား သုံးဆူရွာဘက် တောလမ်းကနေ ဝင်ရောက်လာတယ်။ လူ ၃၀ ကျော်တယ်၊ တနေရာအရောက်မှာ ကား ၂ စီးက လာကြိုတယ်၊ သူတို့က ကားနောက်ခန်းကနေ ပုန်းကွယ်ပြီးလိုက်လာတယ်၊ တနေရာအရောက်မှာ ဘယ်လိုဖြစ်မှန်းမသိဘဲ ကား ၂ စီးအချင်းချင်းတိုက်မိတယ်၊ သူတို့စီးလာတဲ့ ကားက လမ်းဘေးကသစ်ပင်ကို အရှိန်နဲ့ ထပ်ပြီးဝင်တိုက်တယ်၊  ရဲတွေနဲ့တွေ့မှာစိုးလို့ ကားမောင်း သမားရော ကားပေါ်ပါသူတွေပါ အကုန်ထွက်ပြေးကြတယ်၊ သူတို့နှစ်ယောက်လည်း ပြေးတယ်၊ ဒါပေမဲ့ ဒဏ်ရာတွေနဲ့မို့ ဆက်မလိုက်နိုင်တော့ဘူးလို့  ဖွင့်ဟဝန်ခံပါတယ်။ 

တာဝန်ရှိသူတွေက လိုအပ်သလို အရေးယူဖို့ ကားပိုင်ရှင်ကို လိုက်လံစုံစမ်းနေတယ်လို့ ဆိုပါတယ်။ 

မြန်မာနိုင်ငံမှာ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် စီးပွား‌‌ရေး၊ လုံခြုံရေး၊ အလုပ်လက်မဲ့ပြဿနာတွေ များလာပြီး အိမ်နီးချင်းထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်လုပ်ကိုင် နေကြတာမှာ  အခန့်မသင့်တော့ ခုလို မတော်တဆထိခိုက်မှုတွေပါ ကြုံရသလို ရဲအဖမ်းခံရတာတွေလည်း ရှိပါတယ်။ 

ဒီမတိုင်ခင် ဇန်နဝါရီ ၇ ရက် ညပိုင်းကလည်း ထိုင်းအလယ်ပိုင်း လုပ်ပူရီခရိုင် ဆရပိုမြို့နယ် နိယုမ်းချိုင်းရပ်ကွက်အပိုင်း အဝေးပြေးလမ်းပေါ်ကနေ တရားမဝင်မြန်မာ ၅၈ ဦး ဖမ်းဆီးခံခဲ့ရ ပါသေးတယ်။ 

တာဝန်ရှိသူတွေ ကင်းတဲမှာ လုံခြုံရေးယူစဉ် ကား ၃- ၄ စီး ရှေ့ဆင့်နောက်ဆင့် မောင်းဝင်လာတယ်၊ အမြန်နှုန်းနဲ့မောင်းသလို ကားရဲ့အ‌လေးချိန်လည်း လေးလံနေတာကြောင့် တာဝန်ရှိသူတွေက ကားနဲ့ အနောက်ကလိုက်သွားပြီး အရေးပေါ်အချက်ပြမီးဖွင့်ကာ ရပ်တံ့ခိုင်းခဲ့ပါတယ်၊  အဆိုပါကားတွေဟာ ရပ်မပေးဘဲ အမြန်မောင်းရာမှာ ဖတ်ထနားနိခုမ်းမြို့နယ်ရောက်တော့ ရဲတွေမှီလာခဲ့တယ်။  အဆိုပါကားတွေပေါ်မှာ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၅၈ ဦးပါဝင်ပြီး ထိုင်းယာဉ်မောင်း ၃ ဦး၊ ဟိုင်းလပ်စ်ကား ၁ စီး၊ မှန်လုံကား ၂ စီးနဲ့ လက်ကိုင်ဖုန်း ၄ လုံးကို သိမ်းဆည်းရမိခဲ့တယ်လို့ သတင်းမှာ ဖော်ပြသွားပါတယ်။ 

ကိုးကား - MGR Online News 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013