DVB Logo
Home
နိုင်ငံတကာ
၂၀၂၄ ခုနှစ်တွင် ကမ္ဘာ့အပူချိန် စံချိန်တင်
DVB
·
January 10, 2025
၂၀၂၄ ခုနှစ်တွင် ကမ္ဘာ့အပူချိန် စံချိန်တင်
Donate to DVB

၂၀၂၄ ခုနှစ်ရဲ့ ကမ္ဘာ့အပူချိန်က စက်မှုတော်လှန်ရေး မတိုင်ခင်တုန်းကထက် ၁ ဒသမ ၅ ဒီဂရီ ဆဲလ်စီးယက်  ကျော်လွန်ခဲ့တဲ့ ပထမဆုံးနှစ်ဖြစ်ကြောင်း ဥရောပသမဂ္ဂ သိပ္ပံပညာရှင်တွေက ပြောပါတယ်။

အီးယူရဲ့ ကိုပါနီကပ် ရာသီဥတုပြောင်းလဲမှု ဝန်ဆောင်မှုအဖွဲ့က ဇန်နဝါရီ ၁၀ ရက်က ထုတ်ပြန်တာဖြစ်ပြီး စံချိန်တင် အပူအချိန်ဖြစ်တယ်လို့ အတည်ပြုခဲ့တာပါ။

လူတွေပြုလုပ်တဲ့ အရာတွေက ရာသီဥတုပြောင်းလဲစေသလို ကမ္ဘာရဲ့ အပူချိန်လည်း ဘယ်တုန်းကမှ မရောက်ခဲ့တဲ့ အခြေအနေကို‌ ရောက်လာတယ်လို့ ကိုပါနီကပ်က ဆိုပါတယ်။

၂၀၂၄ ခုနှစ်မှာ ကမ္ဘာရဲ့ ပျမ်းမျှအပူချိန်က ၁၈၅၀ ကနေ ၁၉၉၀ ပြည့်နှစ်ကာလတွေကထက် ၁ ဒသမ ၆ ဒီဂရီဆဲလ်စီးယက် ပိုပြီး မြင့်တက်ခဲ့တာပါ။

ဒါဟာ ၂၀၂၃ ခုနှစ်က စံချိန်ကိုလည်း သိသိသာသာ ကျော်ဖြတ်နိုင်ခဲ့ပြီး ၂၀၂၃၊ ၂၀၂၄ ခုနှစ် ၂ နှစ်ဆက်တိုက် အပူချိန်မြင့်တက်မှုက သိပ္ပံပညာရှင်တွေအတွက် တွေးရခက်တဲ့ ပြဿနာတခု ဖြစ်နေဆဲပါ။

ဗြိတိန်ရဲ့ ရာသီဥတုလေ့လာမှု မတ်အော့ဖစ်ကလည်း ကမ္ဘာ့အပူချိန်က ၁ ဒသမ ၅ ဆဲလ်စီးယက် ရှိတယ်လို့ ဆိုပါတယ်။

အစိုးရတွေကတော့ ၂၀၂၅ ခုနှစ်မှာ ၁ ဒသမ ၅ ဆဲလ်စီးယက် ပူပြင်းမှုအခြေအနေကို ရှောင်လွှဲနိုင်ဖို့ ၂၀၁၅ ပြင်သစ်သဘောတူညီမှုကို ကတိပြုခဲ့ကြပါတယ်။

ကိုပါနီကပ်ဒါရိုက်တာ ကာလိုးက လက်ရှိကမ္ဘာ့အပူချိန်က ပြင်သစ်သဘောတူညီမှုကို မကျော်လွန်သေးပေမဲ့ နောက် ၁၀ နှစ်မှာ ပြင်သစ်သဘောတူညီမှုကို ကျော်လွန်မယ်ဆိုတာ သေချာတယ်လို့ ပြောပါတယ်။

နိုင်ငံတွေက မီးခိုးထုတ်လွှတ်မှုတွေကို ချက်ချင်းမလျှော့ဘူးဆိုရင် ကမ္ဘာ့အပူချိန်က ၁ ဒသမ ၅ ဆဲလ်စီးယက်ထက်ကို ကျော်မယ်လို့ ကာလိုးက ပြောပါတယ်။

၂၀၂၄ ခုနှစ်မှာ ကမ္ဘာ့ရဲ့အပူချိန်က ကမ္ဘာ့ရာသီဥတုကို စတင်မှတ်တမ်းတင်တဲ့ အချိန်ကတည်းက အပူဆုံးနှစ်တနှစ်ဖြစ်ခဲ့သလို ၁၀ စုနှစ်အလိုက်လည်း အပူဆုံး ၁၀ စုနှစ်တခု ဖြစ်လာတာပါ။

ကမ္ဘာကြီးပူနွေးလာတာနဲ့ တိုက်ကြီးတိုင်းမှာ အချမ်းသာဆုံးနိုင်ငံကစပြီး အဆင်းရဲဆုံး နိုင်ငံတွေအထိ ရာသီဥတုပြောင်းလဲမှုတွေ ခံစားနေရပြီး လူတွေကို ထိခိုက်မှုတွေ ရှိနေပါတယ်။

ဒီတပတ်ထဲမှာ ကယ်လီဖိုးနီးယား တောမီးက အိမ်တွေ ထောင်ပေါင်းများစွာ ဖျက်ဆီးခဲ့ပါတယ်။

၂၀၂၄ ခုနှစ်တုန်းကလည်း ဘိုလီးဗီးယားနဲ့ ဗင်နီဇွဲလားတို့မှာ မီးဘေးအန္တရာယ်တွေနဲ့ ရင်ဆိုင်ခဲ့ရပြီး နီပေါ၊ ဆူဒန်၊ စပိန်နိုင်ငံတို့မှာ ရေကြီးမှုဘေးနဲ့ ရင်ဆိုင်ခဲ့ရကာ မက္ကဆီကိုနဲ့ ဆော်ဒီအာရေဗျတို့မှာ အပူလှိုင်းဖြတ်မှုတွေ ခံခဲ့ရပါတယ်။

ဒီလို ရာသီဥတု ဖောက်ပြန်မှုကြောင့် လူတွေ ထောင်နဲ့ချီ သေဆုံးခဲ့ရပါတယ်။ ပူပြင်းတဲ့ လေထုက ရေတွေ ပိုပြီး အငွေ့ပျံနိုင်တာကြောင့် အဆိုးဆုံးမုန်တိုင်းများ၊ မိုးသည်းထန်စွာရွာမှုနဲ့ ရေ တဟုန်ထိုးကြီးမှုများ ဖြစ်ပွားတဲ့ ရာသီဥတုပြောင်းလဲမှု ဖြစ်စေတာပါ။

၂၀၂၄ ခုနှစ်က ရေငွေ့ပျံမှု စံချိန်တင် အမြင့်ဆုံးဖြစ်ခဲ့တဲ့နှစ်လည်း ဖြစ်ပါတယ်။ အပူချိန်မြင့်တက်ရတဲ့ အဓိကအချက်က ရုပ်ကြွင်းလောင်စာတွေ သုံးစွဲမှုကနေ ကာဗွန်ဒိုင်အောက်ဆိုဒ် မြင့်တက်လာတာ ဖြစ်ပါတယ်။

၂၀၂၄ ခုနှစ်မှာ လေထုအတွင်း ကာဗွန်ဒိုင်အောက်ဆိုက် စံချိန်တင်မြင့်တက်မှု ၄၂၂ PPM အထိ ရှိခဲ့ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013