DVB Logo
Home
မြန်မာသတင်း
စစ်ခေါင်းဆောင်များ ငြိမ်းချမ်းစွာတွေ့ဆုံဆွေးနွေးရေး မူဝါဒမရှိဟု AA ပြော
DVB
·
January 10, 2025
စစ်ခေါင်းဆောင်များ ငြိမ်းချမ်းစွာတွေ့ဆုံဆွေးနွေးရေး မူဝါဒမရှိဟု AA ပြော
Donate to DVB

အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတဲ့  စစ်ခေါင်းဆောင်တွေဘက်မှာ နိုင်ငံရေးပြဿနာကို ငြိမ်းချမ်းစွာတွေ့ဆုံဆွေးနွေးအဖြေရှာဖို့ မူဝါဒမရှိသေးဘူးလို့ အာရက္ခတပ်တော် (AA) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ဒီကနေ့ ဇန်နဝါရီ ၁၀ ရက်နေ့မှာ DVB  ကို ပြောပါတယ်။ 

အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ရက်ပိုင်းက လေကြောင်းကတိုက်ခိုက်ခဲ့လို့ အရပ်သား ၅၀ နီးပါး သေဆုံးခဲ့တဲ့ ဖြစ်ရပ်ဟာ စစ်တပ်ရဲ့ ဆိုးရွားတဲ့ အကြမ်းဖက်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကို ဖော်ပြလိုက်တာဖြစ်တယ်လို့ ဦးခိုင်သုခက ပြောဆိုလိုက်တာပါ။

“ဘာတိုက်ပွဲမှမရှိဘဲ တည်ငြိမ်အေးချမ်းနေတဲ့နေရာက အရပ်သားပစ်မှတ်တွေကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်သတ်ဖြတ် မီးလောင်တိုက်သွင်းပစ်တဲ့ အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီရဲ့ လုပ်ရပ်ဟာ အထူးယုတ်မာရက်စက်သူရဲဘောကြောင်သူတွေရဲ့ လူမဆန်တဲ့ လုပ်ရပ်ဖြစ်ပါတယ်။ ဒါဟာ ဆိုးဝါးတဲ့ စစ်ရာဇဝတ်မှုဖြစ်သလို ဂျီနီဗာ ကွန်ဗင်းရှင်းကိုလည်း ပြောင်ပြောင်တင်းတင်းချိုးဖောက်တာဖြစ်ပါတယ်။ အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီရဲ့ ဒီဆိုးရွားတဲ့ အကြမ်းဖက်မှုတွေ၊ စစ်ရာဇဝတ်မှုတွေ ဆက်တိုက်ကျူးလွန်မှုတွေကို ကြည့်ရင် စစ်ခေါင်းဆောင်တွေဘက်မှာ နိုင်ငံရေးပြဿနာကို ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးအဖြေရှာဖို့ မူဝါဒမရှိသေးဘူးဆိုတာ ရှင်းရှင်းလင်းလင်း ဖော်ပြနေတာဖြစ်ပါတယ်။ ဒီလုပ်ရပ်ဟာ မြန်မာ ဖက်ဆစ်စစ်တပ်က စစ်ခေါင်းဆောင်တွေရဲ့ သူတို့ကျွမ်းကျင်တဲ့ အလုံးစုံဖျက်ဆီးရေး မူဝါဒကိုကိုင်စွဲပြီး တိုင်းပြည်ကို အလုံးစုံပျက်သုန်းရေးဆီ ဦးတည်လုပ်ဆောင်နေတာ ဖြစ်တယ်။” 

ရခိုင်မှာ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်က စတင်ခဲ့တဲ့ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော်တို့ တကျော့ပြန်တိုက်ပွဲတွေဟာ လက်ရှိမှာ တနှစ်ကျော်ရှိလာပြီလည်းဖြစ်ပါတယ်။

တိုက်ပွဲတနှစ်ကျော်အတွင်းမှာ AA က ချင်းပြည်နယ် ပလက်ဝအပါအဝင် ရခိုင်မှာ မြို့နယ်ပေါင်း ၁၅ ခုအထိ သိမ်းပိုက်ရရှိထားပြီး ကျန်ရှိနေတဲ့ ပြည်နယ်မြို့တော် စစ်တွေမြို့အပါအဝင် ကျောက်ဖြူမြို့နဲ့ မာန်အောင်မြို့တွေကိုလည်း ဝိုင်းဝန်းပိတ်ဆို့ထားပြီး စစ်ရေးတင်းမာနေတယ်လို့ သိရပါတယ်။ 

အခုလို ရခိုင်မှာ လက်လွှတ်ဆုံးရှုံးရတဲ့ မြို့နယ်တွေ များလာတာနဲ့အမျှ စစ်ရှုံးလာနေတာကြောင့် စစ်ခေါင်းဆောင်က အရပ်သားပြည်သူတွေကို ရည်ရွယ်ရှိရှိ ပစ်မှတ်ထားသတ်ဖြတ်ပြီး အလုံးစုံဖျက်ဆီးရေး မူဝါဒကို ကျင့်သုံးနေတယ်လို့ အာရက္ခတပ်တော် ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောပါတယ်။ 

AA က ရခိုင်မှာ မြို့နယ် ၁၄ ခုကို သိမ်းပိုက်ရရှိပြီးနောက် ဒီဇင်ဘာ ၂၉ ရက်နေ့မှာ နိုင်ငံရေးနည်းနဲ့ ဆွေးနွေးဖြေရှင်းမယ်လို့ ထုတ်ပြန်ထားပါတယ်။ တဖက်မှာလည်း စစ်ခေါင်းဆောင်က လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး နိုင်ငံရေးနည်းလမ်းနဲ့ ဆွေးနွေးဖြေရှင်းမယ်ဆိုပြီး ပြောနေပေမဲ့ မြေပြင်မှာတော့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေဆဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၈ ရက်ကလည်း AA ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော် ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၄၁ ယောက် သေဆုံး၊ ၅၂ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ်ပေါင်း ၅၀၀ ကျော် ထိခိုက်ပျက်စီးခဲ့ရပါတယ်။

ကေခိုင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013