DVB Logo
Home
မြန်မာသတင်း
၂၀၂၄ ခုနှစ်အတွင်း မြို့နယ် ၈၂ မြို့နယ်တွင် အင်တာနက်လိုင်းဖြတ်‌တောက်ခံရ
DVB
·
January 9, 2025
၂၀၂၄ ခုနှစ်အတွင်း မြို့နယ် ၈၂ မြို့နယ်တွင် အင်တာနက်လိုင်းဖြတ်‌တောက်ခံရ
Donate to DVB

၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ မြို့နယ်ပေါင်း ၈၂ မြို့မှာ အင်တာနက်ဖြတ်တောက်မှု အကြိမ်ရေပေါင်း ၁၃၀ ကျော် ကြုံတွေ့ခဲ့ရတယ်လို့ Myanmar Internet Project ရဲ့  ဇန်နဝါရီ ၇ ရက် ထုတ်ပြန်တဲ့ နှစ်ပတ်လည် အစီရင်ခံစာမှာဖော်ပြပါတယ်။

ကချင်ပြည်နယ် မြို့တော်ဖြစ်တဲ့ မြစ်ကြီးနားမြို့ အပါအဝင် တပြည်နယ်လုံးက မြို့အားလုံးကို ၂၀၂၄ ခုနှစ် ဇူလိုင်လကစကာ အင်တာနက်လိုင်းတွေ ဖြတ်‌‌တောက်ခဲ့တာပါ။ အာရက္ခတပ်‌တော် (AA) နဲ့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မှာလည်း ၂၀၂၄ ခုနှစ် တနှစ်အတွင်း တပြည်နယ်လုံးက မြို့အားလုံး အင်တာနက် ဖြတ်တောက်ခံခဲ့ရတယ်လို့ သိရပါတယ်။

စစ်အာဏာမသိမ်းခင်ကာလကတည်းက ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့ဟာ အင်တာနက်ဖြတ်တောက်ခံရမှုတွေ ကြုံခဲ့ရပြီး ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်မှာ အင်တာနက်ဖြတ်တောက်မှုတွေ ပိုမိုဆိုးရွားလာခဲ့တာပါ။

ချင်းပြည်နယ်မှာလည်း ပြည်နယ်မြို့တော် ဟားခါးမှအပ ကျန်မြို့နယ်တွေမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတာပါ။

၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်းမှာ စစ်ကောင်စီက ရှမ်းပြည်နယ်မြောက်ပိုင်းက နယ်မြေအများအပြား လက်လွှတ်ခဲ့ရပြီးနောက် ကွတ်ခိုင်၊ မိုးမိတ်၊ ကျောက်မဲ၊ နောင်ချို၊ လားရှိုး၊ လောက်ကိုင်၊ စတဲ့မြို့နယ်တွေမှာလည်း အင်တာနက်ဖြတ်တောက်မှုတွေ ဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။

ကယားပြည်နယ်နဲ့ ထိစပ်နေသော ရှမ်းပြည်နယ် တောင်ပိုင်း ပင်လောင်းမြို့နယ်နဲ့ တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးတဲ့ တောင်ကြီးမြို့တို့မှာလည်း အင်တာနက်နဲ့ ဖုန်းလိုင်းဖြတ်တောက်မှုတွေ  ကြုံခဲ့ရတယ်လို့ သိရပါတယ်။

စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား ထိတွေ့မှုပြင်းထန်တဲ့ စစ်ကိုင်းတိုင်းအတွင်းက ကောလင်း၊ ကလေး၊ အင်းတော်၊ ဒီပဲယင်း၊ ဟုမ္မလင်းစတဲ့ မြို့နယ်တွေနဲ့ မကွေးတိုင်းဒေသကြီး အတွင်းက ဂန့်ဂေါ၊ ဆော၊ မြိုင် စတဲ့ မြို့နယ်တွေမှာလည်း အင်တာနက် ဖြတ်တောက်ခံထားရပါတယ်။

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်က စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ ပြည်သူမှ ပြည်သူသို့အဖွဲ့ တာဝန်ခံကတော့ အင်တာနက်နဲ့ ဖုန်းလိုင်းတွေ ဖြတ်တောက်ခံထားရတဲ့အတွက် စစ်ဘေးရှောင်တွေအတွက် ရန်ပုံငွေရှာဖွေရေးမှာ အခက်အခဲတွေကြုံရတယ်လို့ ပြောပါတယ်။

ကောလင်းပြည်သူမှ ပြည်သူသို့အဖွဲ့တာဝန်ခံက “ဖုန်းလိုင်းတွေက ရံဖန်ရံခါရပေမဲ့ မမိတာများတယ်။ အင်တာနက်လိုင်းတွေ ဖြတ်ပြီးနောက်ပိုင်းမှာ ဖိုင်ဘာဝိုင်ဖိုင်လေးတွေ ရနေသေးတယ်၊ အဲ့ဒီကနေတဆင့် ကြိုးစားပြီး ဆက်သွယ်ရတယ်ပေါ့လေ၊ အလှူရှင်တွေနဲ့ ဆက်သွယ်ဖို့အရေးကို ဖိုင်ဘာဝိုင်ဖိုင်လေးတွေက တလပိုင်းအထိ ရနေသေးတယ်။ ကောလင်းမြို့ကြီး ၂ လပိုင်းမှာ ပြန်ပါသွားတော့ မြို့ကလည်း မီးရှို့ခံရတာဆိုတော့ အင်တာနက်လိုင်း လုံးဝမရဘူးဖြစ်သွားတယ်။ အဲ့ဒီမှာ စတားလင့်လိုမျိုး အင်တာနက်ပြန်ရတယ်ပေါ့နော်၊ စစ်‌ရှောင်ကူညီရေးမှာ ရန်ပုံငွေရှာဖွေခြင်းက ပြည်ပက အလှူရှင်တွေကို  ပိုပြီး အကူအညီရယူရတဲ့အခါမှာ အင်တာနက်က မရှိမဖြစ်လိုအပ်တယ်။ အင်တာနက်သာမရှိရင် စစ်ရှောင်ကူညီရေး လုပ်ငန်းတွေလည်း ကူညီနိုင်မှာ မဟုတ်ဘူး၊ ရန်ပုံငွေတွေလည်း ရှာဖွေနိုင်မှာ မဟုတ်ဘူး” လို့ ပြောပါတယ်။

မန္တလေးတိုင်းအတွင်းက သပိတ်ကျင်း၊ မိုးကုတ်၊ စဉ့်ကူး၊ ပြင်ဦးလွင် စတဲ့ မြို့နယ်တွေနဲ့ ကရင်ပြည်နယ်က မြဝတီ၊ ဖာပွန် နဲ့ ကြာအင်းဆိပ်ကြီး စတဲ့ မြို့နယ်တွေမှာလည်း အင်တာနက် ဖြတ်တောက်ခံရမှုတွေ ဖြစ်ပေါ်ခဲ့ပြီး မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းက မြို့နယ်တချို့မှာလည်း ဆက် သွယ်ရေးဖြတ်တောက်ခံခဲ့ရတဲ့ ဖြစ်စဉ်တွေ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

အင်တာနက်ဖြတ်တောက်ခံရတဲ့ ဒေသတွေက ပြည်သူတွေဟာ ဆက်သွယ်ရေး ပြတ်တောက်မှုကြောင့် ဘဏ်လုပ်ငန်း အသုံးပြုမှု ရပ်ဆိုင်းသွားတာ၊ သတင်းအချက်အလက်ကို အချိန်နဲ့ တပြေးညီမရရှိတာ၊ ဒေသတွင်းကုန်ဈေးနှုန်းကြီးမြင့်တာ၊ ကျန်းမာရေး၊ လူမှု‌ရေးနဲ့ ပညာ‌ရေး ကဏ္ဍတွေပါ ထိခိုက်တဲ့ အခြေအနေဆိုးတွေ ရင်ဆိုင်နေကြရတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

သီရိ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013