DVB Logo
Home
နိုင်ငံတကာ
လော့စ်အိန်ဂျလိစ် တောမီးကြောင့် အနည်းဆုံး လူ ၅ ဦးသေဆုံး၊ အိမ်ခြေထောင်ချီပျက်စီး
DVB
·
January 9, 2025
လော့စ်အိန်ဂျလိစ် တောမီးကြောင့် အနည်းဆုံး လူ ၅ ဦးသေဆုံး၊ အိမ်ခြေထောင်ချီပျက်စီး
Donate to DVB

ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်းမှာ တောမီးလောင်ကျွမ်းမှုဟာ ဇန်နဝါရီ ၈ ရက်က ဟောလိဝုဒ် တောင်ကုန်းတွေအထိ ကူးစက်ပျံ့နှံ့ခဲ့ပြီး လော့စ်အိန်ဂျလိစ်ကောင်တီမှာ မီးတောက်မီးလျှံတွေ ဒလဟော ပျံ့နှံ့သွားတာကြောင့် အခုချိန်ထိ လူ ၅ ယောက်ထက်မနည်း သေဆုံးကြောင်း အတည်ပြုထားပါတယ်။

တောမီးကြောင့် ဒေသခံ ၁ သိန်းခွဲကျော် ဘေးလွတ်ရာ ရွှေ့ပြောင်းရကာ နေအိမ်ပေါင်း ၁,၁၀၀ ကျော် မီးလောင်ကျွမ်း ပျက်စီးခဲ့ကာ မီးငြှိမ်းသတ်နိုင်တဲ့ အရင်းအမြစ်တွေကို ထပ်ရှာခဲ့ရပြီး ရေပေးဝေမှုတွေကလည်း အကန့်အသတ် ဖြစ်ခဲ့ရပါတယ်။

လတ်တလောရက်ပိုင်းအတွင်း လေပြင်းတိုက်ခတ်မှုနဲ့ ခြောက်သွေ့တဲ့ ရာသီဥတု အခြေအနေတွေကြောင့် လော့စ်အိန်ဂျလိစ်ကောင်တီမှာ အင်္ဂါနေ့ကတည်းက တောမီး ၆ ခုထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။

နေရာအားလုံးနီးပါးမှာ ထိန်းမနိုင်သိမ်းမရ ဖြစ်နေဆဲဖြစ်ကြောင်း ကယ်လီဖိုးနီးယား သစ်တောနဲ့ မီးကာကွယ်ရေး (CAL FIRE) ဌာနက ဗုဒ္ဓဟူးနေ့ကထုတ်ပြန်တဲ့ နောက်ဆုံးအချက်အလက်တွေအရ သိရပါတယ်။

ဟောလိဝုဒ်တောင်ကုန်းရှိ Sunset Fire လို့ခေါ်တဲ့ မီးလောင်မှုဟာ ဗုဒ္ဓဟူးနေ့က မိနစ် ၂၀ အတွင်း အရွယ်အစား ၂ ဆတိုးသွားကြောင်း Cal Fire က ပြောကြားခဲ့ပါတယ်။

အဆိုးရွားဆုံး အဖြစ်အပျက်တွေထဲမှာ ကုန်းမြေ ၆၄ စတုရန်းကီလိုမီတာ လောင်ကျွမ်းသွားခဲ့တဲ့ ပစိဖိတ် ပါးလဆိဒ်စ် ရပ်ကွက်ဧရိယာမှာ မီးလောင်ကျွမ်းခဲ့တာ ဖြစ်ပါတယ်။ လော့စ်အိန်ဂျလိစ်ကောင်တီ အရှေ့ခြမ်းရှိ အယ်လ်တာဒီနာ ဧရိယာမှာ ပျံ့နှံ့နေတဲ့ အီတန် တောမီးကြောင့် သစ်တောမြေ စတုရန်းကီလိုမီတာ ၄၂ဝ ကျော် ပျက်စီးသွားခဲ့ပါတယ်။

ပစိဖစ် ပါးလဆိဒ်စ် ရပ်ကွက် မီးလောင်ကျွမ်းမှုနဲ့အတူ ဆန်တာ မော်နီကာ အာဏာပိုင်တွေဟာ ဗုဒ္ဓဟူးနေ့မှာ မြို့ရဲ့အစိတ်အပိုင်းတွေကို အရေးပေါ်ရွှေ့ပြောင်းဖို့ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။

တောမီးကြောင့် လျှပ်စစ်မီးပြတ်တောက်နေပြီး လက်ရှိအချိန်မှာ အိမ်ခြေနဲ့ စီးပွားရေးလုပ်ငန်း ၃၁၀,၀၀၀ ကျော် လျှပ်စစ်မီးမရဘဲ ဖြစ်နေကြောင်း အမေရိကန် ဓာတ်အားပြတ်တောက်မှု ခြေရာခံ ဝက်ဘ်ဆိုက်တခုမှ အချက်အလက်တွေအရ သိရပါတယ်။

ကယ်လီဖိုးနီးယား ပြည်နယ်အုပ်ချုပ်ရေးမှူး ဂါဗင် နယူဆမ်ဟာ အင်္ဂါနေ့မှာ အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီး ပစိဖစ် ပါးလဆိဒ်စ် လူနေရပ်ကွက်ကို သွားရောက်ခဲ့ပြီး ဒေသတွင်းနဲ့ ပြည်နယ်မီးသတ်အရာရှိတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

တောမီးဘေးသင့်ဒေသတွေမှာ ကြာသပတေးနေ့အထိ လေပြင်းတိုက်ခတ်မှုတွေ ဆက်လက် ဖြစ်ပွားနိုင်ကြောင်း အမျိုးသားမိုးလေဝသဌာနက ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013