DVB Logo
Home
မြန်မာသတင်း
ဖားကန့် ဘွမ်နန်ရွာကို စစ်တပ် ဗုံးကြဲ၊ ပြည်သူ ၁ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရ၊ ပလမြို့ကို လေကြောင်းတိုက်ခိုက်
DVB
·
January 9, 2025
ဖားကန့် ဘွမ်နန်ရွာကို စစ်တပ် ဗုံးကြဲ၊ ပြည်သူ ၁ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရ၊ ပလမြို့ကို လေကြောင်းတိုက်ခိုက်
Donate to DVB

ကချင်ပြည်နယ်၊ မံစီရှိ စစ်ကောင်စီတပ်စခန်း ၃ ခု တပြိုင်တည်း သိမ်းပိုက်ခံရပြီးနောက် တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ KIA တပ်မဟာ ၉၊ တပ်ရင်း ၆ ဌာနဟောင်းရှိရာ ဘွမ်နန်ရွာကို စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူတယောက် သေဆုံးပြီး ၂ ယောက် ဒဏ်ရာရကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံ အမျိုးသားတယောက်က “အမျိုးသမီးတယောက် သေဆုံးသွားပြီး နောက်ထပ် အမျိုးသမီးနှစ်ယောက် ထိခိုကဒဏ်ရာ ပြင်းထန်တယ်။ မနေ့ညက ထိသွားတာ အမျိုးသမီးတွေချည်းပဲ” လို့ ပြောပါတယ်။

ဘွမ်နန်ရွာထဲက ဆိုင်ငယ်တွေရှိတဲ့ နေရာနား လေယာဉ်ဗုံးထိမှန်ပြီး ဆိုင် ၃ ဆိုင် ပျက်စီးသွားကာ အသက် ၄၀ အရွယ် ဒေါ်အင်ခွမ်လု သေဆုံးသွားတယ်လို့ သူက ပြောပါတယ်။

နောက်ထပ် ဒေသခံတယောက်ကလည်း “အရင်တုန်းက တပ်ရင်း ၆ ရဲ့ နေရာဟောင်းမှာ လေကြောင်းနဲ့ ၂ ကြိမ် ဗုံးလာကြဲတယ်” လို့ ပြောပါတယ်။

ဇန်နဝါရီ ၈ ရက် ည ၁၀ နာရီ မိနစ် ၅၀ ဝန်းကျင်မှာ ဂျက်ဖိုက်တာ ၂ စီးနဲ့ ဗုံးလာကြဲတာဖြစ်ပြီး ဖားကန့်မြို့နယ် KIA တပ်မဟာ ၉၊ တပ်ရင်း ၆ နယ်မြေ ဖြစ်တယ်လို့ သူက ပြောပါတယ်။

စစ်ကောင်စီရဲ့ ဝါဒဖြန့် တယ်လီဂရမ်မှာလည်း ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဘွမ်နန်ဘက် လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း၊ KIA ဘက်က ဖားကန့်ဘက် ထိုးစစ်ဆင်ဖို့ရှိကြောင်း ရေးသားထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၆ ရက်ကလည်း KIA တပ်မဟာ ၉ နယ်မြေရှိ ဆယ်ဇင်းဘက်ကို ရှမ်းနီပြည်သူ့စစ်နဲ့ ‌ပူးပေါင်းတပ်ဖွဲ့တွေက ထိုးစစ်ဆင်လာတာရှိကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ဖားကန့်မြို့နယ်မှာတော့ စက်တင်ဘာလဆန်းပိုင်းကတည်းက စစ်ကောင်စီဘက်က အင်အား ဖြည့်လှုပ်ရှားနေတယ်လို့ ဆိုပါတယ်။

တနင်္သာရီတိုင်းမှာလည်း ပလမြို့၊ စက်တော်ရာရွာအနီးကို ဇန်နဝါရီ ၉ ရက် ဒီနေ့မနက်ပိုင်းမှာ စစ်ကောင်စီတပ်က တိုက်ခိုက်ရေးလေယာဥ်နဲ့ လာရောက် ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။

ဇန်နဝါရီ ၉ ရက် မနက် ၈ နာရီကျော်က ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဆိုပါတိုက်ပွဲမှာ နောက်ဆုံးသတင်းရတဲ့အချိန်အထိ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု ၄ ကြိမ်ပြုလုပ်ခဲ့ပြီး အရပ်သားနေအိမ် ထိခိုက်ပျက်စီးမှုတွေ ရှိတယ်လို့ မြေပြင်ရှိ ရဲဘော်တွေဆီက သိရပါတယ်။

မြေပြင်ရှိ ရဲဘော်တယောက်က “လက်ရှိအခြေအနေအထိ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်ပျက်စီးတာတွေ ရှိတယ်။ တိုက်ပွဲမပြီးသေးတော့ အသေးစိတ်သိဖို့ အခက်အခဲဖြစ်နေတယ်” လို့ ပြောပါတယ်။

ဒီကနေ့တိုက်ပွဲနဲ့ပတ်သက်ပြီး ပုလော PDF သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက “တိုက်ပွဲအခြေအနေကိုတော့ နောက်မှ အသေးစိတ်ထုတ်ပြန်မယ်” လို့ DVB ကို ပြောပါတယ်။

အခုလေကြောင်းတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က K8W တိုက်ခိုက်ရေးလေယာဥ် အမျိုးအစားနဲ့ Mi-2 ရဟတ်ယာဥ်အမျိုးအစားကို အသုံးပြုသွားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013