DVB Logo
Home
မြန်မာသတင်း
လျှပ်စစ်မီးမလာသဖြင့်  အိမ်ရှင်မများ အခက်ကြုံ
DVB
·
January 9, 2025
လျှပ်စစ်မီးမလာသဖြင့်  အိမ်ရှင်မများ အခက်ကြုံ
Donate to DVB

မြန်မာပြည်တွင်းမှာ လျှပ်စစ်မီးပုံမှန်မရရှိတဲ့အပြင် ဓာတ်အားပမာဏပါနည်းပါးလာတဲ့အတွက် အိမ်ရှင်မတွေမှာ ထမင်းဟင်းချက်ပြုတ်ဖို့အထိ အခက်အခဲတွေဖြစ်လာတယ်လို့ သိရပါတယ်။

လက်ရှိမှာ စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်မှာ တရက်ကို မီး ၁၆ နာရီပေးပြီး ၈ နာရီ မီးပြတ်ပါတယ်။

ရန်ကုန်မှာ  ဇန်နဝါရီ ၅ ရက်ကစပြီး တနေ့ ၁၆ နာရီ မီးဖြတ်ကာ အုပ်စု ၃ ခုကို အလှည့်ကျ ၄ နာရီ ၂ ကြိမ် မီးပေးမယ်လို့ ထုတ်ပြန်ထားပါတယ်။

မန္တလေးမှာတော့ အုပ်စု (၄) ခုစုခွဲပြီး ၃ နာရီပေး ၉ နာရီ မီးဖျက်တဲ့စနစ်ကို ကျင့်သုံးနေပါတယ်။  ဒါပေမဲ့ ပေးမယ်ဆိုတဲ့အချိန်အပိုင်းအခြားမှာတောင် နာရီအပြည့်မလာတာမျိုး ကြုံနေကြရပါတယ်။ ဒါကြောင့် အိမ်ရှင်မတွေမှာ ထမင်းဟင်းချက်ပြုတ်ဖို့ အခက်အခဲဖြစ်လာတဲ့အထိ လျှပ်စစ်မီးရရှိမှုက နည်းပါးလာတယ်လို့ အိမ်ရှင်မတယောက်က ပြောပါတယ်။

“အိပ်ရေးတွေပျက်တာပေါ့။ အိပ်ရေးတွေပျက်ဆို၊ ရေက ဒီနေ့ ၂ နာရီထိုးပျက်မယ်။  ၂ နာရီခွဲ လောက်ကတည်းက ရေတင် ဟိုဟာလုပ်၊ ဒီဟာလုပ်နဲ့ ရေဖြည့်စရာရှိတာ အကုန်ဖြည့်လုပ်ကိုင်ရတယ်။ ပြီးတော့ ဟိုမီးက တနာရီလောက်မှ လာမှာ။ တနာရီတောင်မှ လာမလား မလာမလားမသိဘူး။ ဘယ် အချိန်မှ လာမလဲမသိဘူး။ မနေ့ကတော့  ၄ ရပ်ကွက်မှာ ၉ နာရီလည်းမလာဘူး။ မနက်ကတုန်းက အစောကြီးအမေကြီးထ ဟင်းတွေဘာတွေ ချက်ဖို့ဆို‌တော့ အဲ့ဒါ အမေကြီးကထပြီးတော့ ၄ နာရီ၊  ၅ နာရီတောင် မထိုးသေးဘူး။ ၅ နာရီ ၂၀ နဲ့တင် ပျက်သွားတယ်။ ဟင်းတအိုးတောင်မကျက်ဘူး။”

အများပြည်သူအတွက် မရှိမဖြစ် လျှပ်စစ်မီးလိုအပ်ချိန်ဖြစ်တဲ့ မနက်ပိုင်း ထမင်းဟင်း ချက်ပြုတ်ချိန်မှာတောင် လျှပ်စစ် ဓာတ်အားမပေးနိုင်တော့ဘဲ အလုပ်သမားတွေ၊ ကျောင်းသားတွေမှာ စီးပွားရေးအကျပ်အတည်းကြောင့် ထမင်းဟင်းဝယ်စားဖို့ အခက်ခဲဖြစ်လာတယ်လို့ တောင်ဥက္ကလာပမြို့နယ်နေ အမျိုးသားတယောက်က ပြောပါတယ်။

“အလုပ်အကိုင်တော့ပျက်တာပေါ့။ ကျနော်တို့ ခလေးတွေ ကျောင်းတက်ဖို့အတွက် ထမင်းချိုင့်တော်တော် ဒုက္ခရောက်တယ်။ ချက်ရ ပြုတ်ရတာ။ မနက်ပိုင်းထမင်းချက်ထားတယ်ဆိုရင် ဟင်းကဝယ်သွားလို့ရသေးတာပေါ့။ ကိုယ်က ထမင်းမရှိတော့ ဂျန့်ဖြစ်တာပေါ့။ အကုန်လုံး။”

စစ်ကောင်စီဘက်ကတော့ ဝန်အားအပြည့်မပေးနိုင်တော့တာဟာ မဟာဓာတ်အားလိုင်းနဲ့ ဓာတ်အားခွဲရုံတွေကို ဖျက်ဆီးခံရတာ၊ သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုကျဆင်းတာ၊ ပိုက်လိုင်းတွေ ပြုပြင်နေတာနဲ့ သဘာဝဘေးဒဏ်ကြောင့်လို့ ပြောဆိုထားပါတယ်။

မြန်မာတနိုင်ငံလုံးရဲ့ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ဖြစ်တဲ့ တနေ့တာအတွက် မဂ္ဂါဝပ် ၄,၄၀၀ ဝန်းကျင်ကို သက်ဆိုင်ရာ ဓာတ်အားဓာတ်ရုံတွေကနေ တနေ့တာ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၂,၂၀၀ လောက် ထုတ်လုပ်နိုင်တယ်လို့ စစ်ကောင်စီ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပေမဲ့ ဇန်နဝါရီ ၅ ရက် စာရင်းမှာတော့ တနေ့တာအတွက် မဂ္ဂါဝပ် ၁,၇၀၀ ကျော်သာ ထုတ်လုပ်နိုင်တာ တွေ့ရပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013