DVB Logo
Home
နိုင်ငံတကာ
ထိုင်းတွင် ဘတ်သန်းပေါင်း ၁၀၀ ခန့်တန်ဖိုးရှိ ချောင်းဆိုးပျောက်ဆေးအတုများ ဖမ်းဆီး 
DVB
·
January 9, 2025
ထိုင်းတွင် ဘတ်သန်းပေါင်း ၁၀၀ ခန့်တန်ဖိုးရှိ ချောင်းဆိုးပျောက်ဆေးအတုများ ဖမ်းဆီး 
Donate to DVB

ထိုင်းနိုင်ငံ ဘန်ကောက်နဲ့ အနီးတဝိုက် ဧရိယာကနေ ဘတ်သန်းပေါင်း ၁၀၀ ခန့် တန်ဖိုးရှိ ချောင်းဆိုးပျောက်ဆေးအတု၊ အလာဂျီ ဆေးအတုတွေ ဖမ်းဆီးရမိတယ်လို့ ထိုင်းအမျိုးသား ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ဒီမတိုင်ခင်ရှေ့က လူငယ်တွေကြားမှာ ချောင်းဆိုးပျောက်ဆေးရည်ကို ဆေးခြောက်ရွက်၊ ဘိန်းစာရွက်ပြုတ်ရည်တွေနဲ့ ရောပြီး မူးယစ်ဆေးလို သုံးစွဲနေတာ သိရတယ်၊  အဆိုပါ ချောင်းဆိုးဆေးရည်မှာ အတုဖြစ်နေတာကြောင့် လိုအပ်သလို စုံစမ်းစစ်ဆေးပြီး ပြည်သူ့ကျန်းမာရေးဌာန၊ အစာနဲ့ ဆေးဝါးကွပ်ကဲရေးဌာနက တာဝန်ရှိသူတွေနဲ့အတူ ဘန်ကောက်နဲ့ အနီးတဝိုက် ဧရိယာက ၄ နေရာကို သွားရောက်စစ်ဆေးခဲ့တာလို့ ထိုင်းနိုင်ငံ စားသုံးသူ/သုံးစွဲသူများ ကာကွယ်ရေးဌာန ညွှန်ကြားရေးမှူး ရဲမှူးကြီး ဝိထယား ဆီပဆစ်ဖတ်က ဇန်နဝါရီ ၈ ရက်မှာ သတင်းထောက်တွေကို ပြောပါတယ်။

အဆိုပါနေရာ ၄ ခုမှာ နခွန်းပထုန်ခရိုင် ဟွေ့ခဝမ်နယ်မြေ ကမ်ဖိုင်းဆဲန်မြို့နယ်၊ စမွတ်စခွန်းခရိုင် ကထုန့်ဘဲင်နဲ့ ဘန်ကောက် ထဝီဝပ်ထနားနယ်မြေထဲမှာ ရှိတယ်။ သူတို့ဟာ ချောင်းဆိုးပျောက်ဆေးရည်နဲ့ အလာဂျီ (သွေးမတည့်) ဆေးအတုတွေကို စက်ရုံလို စနစ်တကျ ထုတ်လုပ်နေတယ်၊ ဖြန့်ဝေသူတွေကိုယ်တိုင်က အော်ဒါမှာလို့ ထုတ်လုပ်နေတာလို့ ဆိုပါတယ်။

တာဝန်ရှိသူတွေဟာ အဆိုပါနေရာတွေကနေ ဘတ်သန်းပေါင်း ၁၀၀ ခန့် တန်ဖိုးရှိ ချောင်းဆိုးပျောက်ဆေး၊ အလာဂျီဆေး ပုလင်းပေါင်း ၈,၉၀၀ နဲ့ ထုတ်လုပ်ရေးမှာ အသုံးပြုတဲ့ ပစ္စည်း ၃၆ မျိုးကို သိမ်းဆည်းခဲ့ပါတယ်။

ဒီဆေးအတုထုတ်လုပ်တဲ့စက်ရုံဟာ ပြီးခဲ့တဲ့ ၂၀၁၄ ဩဂုတ်လကလည်း တကြိမ်ဖမ်းဆီးခံရပြီး ပြစ်ဒဏ်ခံယူခဲ့သေးတယ်၊ ဒါပေမဲ့ ရပ်နားခြင်းမရှိဘဲ ဆက်လက်လုပ်ကိုင်နေတယ်၊ အဖမ်းမခံရအောင် တနေရာပြီးတနေရာ ပြောင်းပြီးထုတ်လုပ်တယ်၊ တရားမဝင်ဆေးဝါး ထုတ်လုပ်မှုဟာ သုံးစွဲသူတွေကို အန္တရာယ်ရှိစေတယ်၊ အထူးသဖြင့် မူးယစ်ဆေးနဲ့တွဲသုံးတဲ့ လူငယ်တွေကို ဘေးဖြစ်စေတယ်လို့ ရဲမှူးကြီးက ပြောပါတယ်။

တာဝန်ရှိသူတွေက အဆိုပါ ဆေးဝါးထုတ်တဲ့စက်ရုံကို ခွင့်ပြုချက်မရဘဲ ဆေးဝါးထုတ်လုပ် ရောင်းချမှု၊ နာမည်ကြီးအမှတ်တံဆိပ်ကို တုပပြီး ထုတ်လုပ်မှု စတဲ့ပုဒ်မတွေနဲ့ စွဲချက်တင်ထားပါတယ်။

ထိုင်းနိုင်ငံရဲ့ အစာနဲ့ ဆေးဝါးကွပ်ကဲမှုဆိုင်ရာ ဥပဒေအရ ခွင့်ပြုချက်မရဘဲ ဆေးဝါးထုတ်လုပ်ပါက ၅ နှစ်ထက်မပိုတဲ့ ထောင်ဒဏ် ဒါမှမဟုတ် ဘတ် ၁၀,၀၀၀ ထက်မပိုတဲ့ ငွေဒဏ် ဒါမှမဟုတ် ထောင်ဒဏ်ရော ငွေဒဏ်ပါ နှစ်ရပ်လုံး ကျခံရမှာဖြစ်ပါတယ်။

ဆေးဝါးအတုအပ ထုတ်လုပ်ပါက ၃ နှစ်ထက်မပိုတဲ့ ထောင်ဒဏ် ဒါမှမဟုတ် ဘတ် ၁၀,၀၀၀ မှ ၅၀,၀၀၀ ထက်မပိုတဲ့ ငွေဒဏ် ဒါမှမဟုတ် ထောင်ဒဏ်ရော ငွေဒဏ်ပါ နှစ်ရပ်လုံး ကျခံရမှာ ဖြစ်ပါတယ်။

ဆေးဝါးအတု ထုတ်လုပ်ရောင်းချတာကို တွေ့ရှိပါက သုံးစွဲသူများကာကွယ်ရေးဌာန အရေးပေါ်ဖုန်း ၁၁၃၅ ကို တိုင်ကြားနိုင်တယ်လို့ ဆိုပါတယ်။

Source: POLICETV / Thai PBS News

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013