
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ထဲမှာ ဒီဇင်ဘာ ၇ ရက် မနက်ပိုင်းနဲ့ နေ့လယ်ပိုင်းတွေမှာ စစ်ကောင်စီ လက်အောက်ခံပျူစောထီးတွေ တိုက်ခိုက်ခံရလို့ ၁၅ ယောက်ထက်မနည်း သေဆုံးတယ်လို့ ဒေသပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ကနေ သိရပါတယ်။
ကမ္မဒေသ တော်လှန်ရေးတပ်ပေါင်းစုရဲ့ ပြန်ကြားရေးတာဝန်ခံက “မနက်ပိုင်း ၉ နာရီလောက်က ပခုက္ကူ-မြစ်ခြေလမ်းပေါ်မှာ အောင်သာပျူရွာကနေ ပခုက္ကူတပ်မ ၁၀၁ ထဲကို အစည်းအဝေးသွားဖို့ ကားနဲ့ထွက်လာတဲ့ ပျူစောထီးတွေကို ဖြတ်တိုက်ခဲ့လို့တပွဲ ဖြစ်တယ်။ နောက်တပွဲက ပခုက္ကူကနေ မြိုင်ဘက်ကို ရိက္ခာပို့စစ်ကြောင်းနဲ့က ပခုက္ကူ-မြိုင်လမ်းပေါ်မှာ နေ့လယ် ၂ နာရီလောက် ဖြစ်ခဲ့တာ။ တရက်တည်း ၂ ပွဲဖြစ်ခဲ့တာပါ” လို့ ပြောပါတယ်။
ပခုက္ကူ-မြစ်ခြေလမ်းပေါ်က တိုက်ခိုက်မှုအတွင်း အောင်သာပျူစောထီးကျေးရွာက ပျူစောထီး ဒုခေါင်းဆာင် နိုင်ဝင်းနဲ့ ပခုက္ကူ တပ်မ ၁၀၁ က ပျူစောထီးသင်တန်းဆရာတယောက် အပါအဝင် ၈ ယောက် သေဆုံးခဲ့ပြီး ပခုက္ကူ-မြိုင်လမ်းပေါ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ကမ္မဒေသတော်လှန်ရေးတပ်ပေါင်းစု တာဝန်ခံ ကိုဒေါက်တာက “ပခုက္ကူ-မြစ်ခြေလမ်းပေါ်မှာ အောင်သာပျူရွာကနေ ထွက်လာတဲ့ ကား ၃ စီးထဲက ကာစတမ်ပေါ်မှာ ပျူနဲ့ စစ်သား ၁၁ ယောက်ပါတယ်။ အဲဒီကားကို မြစ်ခြေလမ်းခွဲနားက ကောင်းစက်ဝိုင် ဆီဆိုင်နားမှာ ပစ်ခဲ့တာ ပျူစောထီး ဒုခေါင်းဆောင်နဲ့ တပ်မ ၁၀၁ က ပျူစောထီး သင်တန်းဆရာတို့ အပါအဝင် ၈ ယောက်သေတယ်။ သူတို့စီးလာတဲ့ကားကတော့ မှောက်သွားတယ်။ စစ်ကူတွေ တန်းရောက်လာတာနဲ့ပဲ လက်နက်တွေတော့ မကောက်ခဲ့ဘဲ ပြန်ဆုတ်ခဲ့ရတယ်။ မှောက်သွားတဲ့ ကားကိုတော့ သူတို့ဘက်က ကရိန်းနဲ့ဆွဲယူသွားတယ်”လို့ ပြောပါတယ်။
နေ့လယ်ပိုင်းကလည်း ပခုက္ကူ-မြိုင်လမ်းပေါ်မှာ ပခုက္ကူကနေ မြိုင်ဘက်ကို အင်အား ၂၀၀ လောက်နဲ့ ရိက္ခာပို့ဖို့ ထွက်လာကြတဲ့ စစ်ကြောင်းကို တိုက်ခိုက်ခဲ့တာ ထိတွေ့တိုက်ပွဲက ၁ နာရီနီးပါးလောက်တိုပွဲ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲ ၂ ခုပေါင်းမှာတော့ စစ်ကောင်စီဘက်က ၁၅ ယောက်ထက်မနည်းသေတယ်လို့ ပြောပါတယ်။
အခုရက်ပိုင်း စစ်ကောင်စီလက်အောက်ခံတွေ စစ်ကြောင်းထိုးသွားလာနေတဲ့ ပခုက္ကူ၊ မြိုင်၊ မြစ်ခြေနဲ့ ကမ္မမြို့နယ်တွေထဲမှာ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေလို့ ပြည်သူတွေအနေနဲ့ စစ်ရေးသတိ အမြဲထားပြီး သွားလာနေထိုင်ပေးကြဖို့လို့ တော်လှန်ရေးတပ်ဖွဲ့က ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အမှတ် ၁ တပ်ရင်း၊ မြိုင် ပကဖ၊ ပေါက် ပကဖ၊ ကမ္မတပ်ပေါင်းစု၊ ပခုက္ကူခရိုင်အမှတ် ၂၊ ၆၊ ၇ တပ်ရင်းတွေ အပါအဝင် PPDF၊ PLC တပ်ဖွဲ့၊ 8+ တပ်ဖွဲ့နဲ့ အရှေ့ပိုင်းဇုန် ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး တော်လှန်ရေးတပ်ပေါင်းစုတွေဘက်က ထိခိုက်ဒဏ်ရာရသူမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းတစုံတရာ ထုတ်ပြန်လာတာ မတွေ့ရသလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးတဲ့အပေါ် DVB အနေနဲ့လည်း သီးခြားအတည်မပြုနိုင်သေးပါဘူး။