DVB Logo
Home
မြန်မာသတင်း
မွန်ပြည်နယ်တွင် နယ်မြေမတည်ငြိမ်မှုကြောင့် ဆောင်းခိုငှက်ကြည့်သူ နည်းပါးလာ
DVB
·
January 8, 2025
မွန်ပြည်နယ်တွင် နယ်မြေမတည်ငြိမ်မှုကြောင့် ဆောင်းခိုငှက်ကြည့်သူ နည်းပါးလာ
Donate to DVB

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မွန်ပြည်နယ်ထဲက ဒေသတချို့မှာ နယ်မြေမတည်ငြိမ်တာနဲ့ စစ်ဆေးမှု တင်းကျပ်နေတာတွေကြောင့် ဆောင်းခိုငှက်ကြည့်ရှုသူတွေ လျော့နည်းလာကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအသင်းနဲ့ ငှက်ကြည့်သူတွေထံက သိရပါတယ်။

ရန်ကုန်တိုင်း အပါအဝင် တခြား တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက ငှက်ကြည့်အဖွဲ့အစည်းတွေ၊ ငှက်ကြည့်ဝါသနာရှင်တွေ အနေနဲ့ မုတ္တမပင်လယ်ကွေ့အတွင်း ဆောင်းခိုငှက်လာရောက် ကြည့်ရှုကြဖို့အတွက် နယ်မြေမတည်ငြိမ်တာတွေနဲ့ စစ်ဆေးရေး တင်းကျပ်နေတာတွေကြောင့် ၂၀၂၁ ခုနှစ်နောက်ပိုင်းက စတင်ကာ ရပ်နားထားရတယ်လို့ ရန်ကုန်တိုင်းမှ ငှက်ကြည့်သူတယောက်က ပြောပါတယ်။

“နားထားတာက အာဏာသိမ်းပြီး နောက်ပိုင်းထဲကပေါ့။ အရင်ကဆို အစ်ကိုတို့အဖွဲ့တွေ စုပြီး သွားကြရင် အဓိက မှန်ပြောင်းတွေနဲ့ ကင်မရာတွေ ယူသွားရတာ။ လမ်းမှာ စစ်ဆေးရေးက မသင်္ကာမှုနဲ့ သိမ်းလိုက်ရင် အားလုံးဆုံးရှုံးခံရမှာ။ အဲဒီဘက်မှာက အရင်လို အမျိုးသားနှစ်ဦး ဆိုင်ကယ်စီးနင်းခွင့်လည်း မရှိဘူးဆိုတော့ လမ်းခရီးအတွက်လည်း အဆင်မပြေတာကြောင့်ပါ။”

ဆောင်းခိုငှက်တွေဟာ မြန်မာနိုင်ငံအတွင်းရှိ အရေးကြီး ရေဝပ်ဒေသနဲ့ တခြားကုန်းတွင်းဒေသ အနှံ့အပြားကို နိုဝင်ဘာလမှ ဇန်နဝါရီလအတွင်း အုပ်စုဖွဲ့ကာ အများဆုံး ဝင်ရောက်လေ့ရှိကြပြီး စပါး၊ ရေမှော်၊ ခရု၊ ငါး၊ ပုစွန်နဲ့ ကဏန်းငယ်တို့ကို စားသောက်နေထိုင်ကြကာ ဆောင်းရာသီအကုန် မတ်လအတွင်း အစပြု ပြန်လည်ထွက်ခွာသွားလေ့ရှိကြောင်း မွန်ပြည်နယ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ဆောင်နေသူတွေထံက သိရပါတယ်။

မုတ္တမပင်လယ်ကွေ့မှာ ကမ္ဘာ့မျိုးသုန်းရန် စိုးရိမ်ရအဆင့်မှာရှိနေတဲ့ ရေညှောင့်နှုတ်ဝိုင်း (ဒီလုံး) ငှက်တွေ ဆောင်းခိုတဲ့ အဓိကနေရာဖြစ်ပြီး ကမ္ဘာ့ရှားပါးငှက်မျိုးတွေ အပါအဝင် ဆောင်းခိုငှက်နဲ့ ရေပျော်ငှက်အကောင်ရေ တသိန်းခွဲကနေ နှစ်သိန်းကြား နှစ်စဥ်လာရောက် ကျက်စားလေ့ရှိကြောင်း ဇီဝမျိုးစုံမျိုးကွဲနဲ့ သဘာဝထိန်းသိမ်းရေးအသင်း BANCA မှ Program Officer ကိုမင်္ဂလာလေးက DVB ကို ပြောပါတယ်။

“တနှစ်ကို ပျမ်းမျှအားဖြင့် တသိန်းခွဲကနေ နှစ်သိန်းကြား လာရောက်ကျက်စားတာပါ။ မျိုးစိတ်ပေါင်းက ၆၀ နီးပါးလောက် ရှိတယ်။ လက်ရှိအခြေအနေတွေကြောင့် မလုပ်မဖြစ်တဲ့ နေရာတွေလောက်ပဲ လုပ်နိုင်တယ်။ မုတ္တမပင်လယ်ကွေ့လို နေရာက ပင်လယ်ပြင်ခရီးဆိုတော့ ကျနော်တို့အနေနဲ့ ပညာပေးထိန်းသိမ်းဖို့ကို လုပ်နိုင်တယ်။ ကျနော်တို့အနေနဲ့ အဲလိုသွားလာဖို့အတွက် အထောက်အထား စာရွက်စာတမ်းတွေနဲ့ သွားလာနေရတော့ အပြင်က ဝါသနာရှင်တွေ အနေနဲ့ဆိုရင် လက်ရှိ ဘယ်လိုမှ လေ့လာဖို့ အဆင်မပြေနိုင်တဲ့ အခြေအနေပါ။ တချို့တော့ နိုင်ငံခြားရောက်သွားတာတွေလည်း ရှိပါတယ်။”

မုတ္တမပင်လယ်ကွေ့မှာ လာရောက်ကျက်စားတတ်တဲ့ ဆောင်းခိုငှက်တွေကို ထိန်းသိမ်းနိုင်ဖို့ ဇီဝမျိုးစုံမျိုးကွဲနဲ့ သဘာဝထိန်းသိမ်းရေးအသင်း (BANCA) က ၂၀၀၈ ခုနှစ်က စတင်လေ့လာခဲ့ပြီး ၂၀၁၀ ခုနှစ်မှစကာ ငှက်ထိန်းသိမ်းရေးလုပ်ငန်းတွေကို စတင်လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။

ဒါ့အပြင် မုတ္တမမပင်လယ်ကွေ့အတွင်း ထူးခြားတဲ့ ဇီဝမျိုးစုံမျိုးကွဲတွေ မှီတည်ပေါက်ဖွားနေတာကြောင့် ရမ်ဆာစံနှုန်း ၉ ချက်ရှိတဲ့ အနက် ၆ ချက်နဲ့ ကိုက်ညီနေတာကြောင့် မုတ္တမပင်လယ်ကွေ့ကို ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် မေလ ၁၀ ရက်နေ့မှာ ကမ္ဘာ့အသိအမှတ်ပြု ရေဝပ်‌ဒေသ ရမ်ဆာဆိုဒ်အဖြစ် အသိအမှတ်ပြု ခံခဲ့ရပါတယ်။

Photo : Min Galar Lay

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013