DVB Logo
Home
မြန်မာသတင်း
ဗဟိုဘဏ်က ဇန်နဝါရီ ပထမအပတ်အတွင်း ကန်ဒေါ်လာ သန်း ၅၀ ထုတ်ရောင်း
DVB
·
January 8, 2025
ဗဟိုဘဏ်က ဇန်နဝါရီ ပထမအပတ်အတွင်း ကန်ဒေါ်လာ သန်း ၅၀ ထုတ်ရောင်း
Donate to DVB

စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ၂၀၂၄ ခုနှစ်တုန်းက နိုင်ငံခြားငွေတွေ ဆက်တိုက် ထုတ်ရောင်းခဲ့သလို ၂၀၂၅ ခုနှစ် နှစ်ဆန်း ဇန်နဝါရီလ ပထမပတ်အတွင်းမှာပဲ နိုင်ငံခြားငွေ ၂ ကြိမ် ထုတ်ရောင်းလိုက်ပါတယ်။

ဇန်နဝါရီ ၂ ရက်မှာ တကြိမ်၊ ဇန်နဝါရီ ၆ ရက်မှာ တကြိမ် ထုတ်ရောင်းခဲ့တာဖြစ်ပြီး ၂ ကြိမ်လုံး အမေရိကန်ဒေါ်လာ ၂၅ သန်းစီ ထုတ်ရောင်းခဲ့တာ ဖြစ်ပါတယ်။

ပထမအကြိမ်တုန်းက ဘတ်ငွေ ၂ သန်းခွဲ ထုတ်ရောင်းခဲ့ပြီး ဒုတိယအကြိမ်မှာ ဘတ်ငွေ ၂ ဒသမ ၈ သန်း ထုတ်ရောင်းခဲ့ပါတယ်။

ငွေလဲနှုန်းအနေနဲ့ကတော့ တဒေါ်လာကို ၃,၅၉၁ ကျပ်၊ ထိုင်း တဘတ်ကို ၁၃၀ ဒသမ ၃ ကျပ်နှုန်းနဲ့ ထုတ်ရောင်းခဲ့တာပါ။

ပြင်ပဈေးကွက်မှာတော့ အမေရိကန်တဒေါ်လာကို ၄,၄၂၀-၄,၅၂၀ ကျပ်ဝန်းကျင် ပေါက်ဈေးရှိပြီး ထိုင်းဘတ်ကတော့ တဘတ်ကို ၁၂၈-၁၃၁ ကျပ် အသီးသီး ပေါက်‌ဈေးရှိပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကျပ်ငွေတန်ဖိုး ကျဆင်းတာ၊ ငွေကြေးဖောင်းပွတာတွေကြောင့် နိုင်ငံခြားငွေတန်ဖိုး ဆက်တိုက်မြင့်တက်ခဲ့ပြီး အထူးသဖြင့် အမေရိကန်ငွေလဲနှုန်းဟာ ပြီးခဲ့တဲ့နှစ် ဩဂုတ်လမှာ ကျပ် ၇,၀၀၀ ဝန်းကျင်အထိ မြင့်တက်ခဲ့ပါတယ်။

အဲဒီနောက်မှာတော့ စကစဗဟိုဘဏ်ဟာ အမေရိကန်ဒေါ်လာတွေကို အလုံးအရင်းနဲ့ မကြာခဏ ထုတ်ရောင်းခဲ့ရာမှာ ၂၀၂၄ ခုနှစ်အတွင်း စုစုပေါင်း အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်အထိ ထုတ်ရောင်းခဲ့ပါတယ်။

စကစဗဟိုဘဏ်ရဲ့ ဈေးကွက်ထဲကို ဒေါ်လာသန်းပေါင်းများစွာ ထုတ်ရောင်းပြီး ဒေါ်လာဈေး ဆွဲချနေတာက ရေတိုဖြေရှင်းနည်းလို့ ဈေးကွက်စောင့်ကြည့်သူတွေက သုံးသပ်ကြပြီး လက်ရှိမှာ ဒေါ်လာဈေးဟာလည်း ၄,၅၀၀ ကျပ်ဝန်းကျင်မှာ ငြိမ်နေခဲ့ပါတယ်။

တဖက်မှာလည်း ပို့ကုန်လုပ်ငန်းရှင်တွေရဲ့ ပို့ကုန်ရငွေအနက် ရာခိုင်နှုန်းအလိုက် တ‌ဒေါ်လာ ၂,၁၀၀ ကျပ်နှုန်းနဲ့ မဖြစ်မနေ လဲလှယ်ခိုင်းတဲ့ ပမာဏက တဖြည်းဖြည်း လျှော့ချခဲ့ပြီး အခုအခါမှာ ၂၅ ရာခိုင်နှုန်းအထိ လျှော့ချပေးထားပါတယ်။

ဒါပေမဲ့ သွင်းကုန်ပို့ကုန်တွေကို အခွန်ကောက်ခံရာမှာ တွက်ချက်တဲ့ ဒေါ်လာနှုန်းထားကိုတော့ အရင်က တဒေါ်လာ ၂,၁၀၀ နှုန်းနဲ့ တွက်ချက်ကောက်ခံနေရာကနေ ၂၀၂၅ ခုနှစ် နှစ်ဆန်းကစလို့ အွန်လိုင်းပလက်ဖောင်းဈေးနှုန်းနဲ့ ပြောင်းလဲကောက်ခံနေပြီ ဖြစ်ပါတယ်။

အဲဒီလို ပြောင်းလဲကောက်ခံလိုက်တဲ့နှုန်းထားဟာ နိုင်ငံခြားငွေကြေးအလိုက် ၇၀ ရာခိုင်နှုန်း ဝန်းကျင်စီ ပိုမိုမြင့်မားလာပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013