
ပြင်ပငွေလဲဈေးကွက်မှာ အမေရိကန် တဒေါ်လာကို ၄,၇၀၀ ကျပ် ဝန်းကျင်အထိ ရှိလာပေမဲ့ ငွေလဲကောင်တာ (MC) အများစုကတော့ အရောင်းအဝယ် ရပ်ထားကြတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။
ငွေလဲကောင်တာတွေဟာ ကွင်းဆင်းစစ်ဆေးမှုတွေနဲ့ အသွင်ယူဖမ်းဆီးမှုတွေ ရှိနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေကြောင့် ဒေါ်လာဝယ်ယူတာ၊ ရောင်းချတာတွေကို ရပ်ထားကြတယ်လို့ ဈေးကွက်အတွင်းက သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဝယ်ဈေးနဲ့ ရောင်းဈေးတွေကို သတ်မှတ်ထားတဲ့ ဘောင်အတွင်း တရားဝင်ဖော်ပြပြီး အရောင်းအဝယ်လုပ်ဖို့ ညွှန်ကြားထားတယ်လို့လည်း သိရပါတယ်။
အခုလို အရောင်းအဝယ်လုပ်ကိုင်ဖို့ စိုးရိမ်မှုတွေရှိနေတဲ့ အခြေအနေမှာ ပုံမှန် အရောင်းအဝယ် လုပ်နေကြ သူတွေနဲ့သာ အရောင်းအဝယ်လုပ်ကိုင်ကြပြီး ဈေးနှုန်းကိုလည်း ပြင်ပပေါက်ဈေးထက် လျှော့ချကမ်းလှမ်းတာတွေ ရှိနေတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။
ဒီရက်ပိုင်းအတွင်း ကိုယ်တိုင် ငွေလဲလှယ်ခဲ့ရသူတယောက်က “အခြေအနေမကောင်းလို့ အရောင်းအဝယ် ရပ်ထားတယ် ဆိုပေမဲ့ တကယ်တမ်း ငွေလိုလို့ သွားရောင်းတဲ့အခါ သူတို့ပေးတဲ့ အောက်ဈေးနဲ့ပဲ အရှုံးခံ ရောင်းနေရတယ်။ နောက်ရက် အပြင်မှာ ပြန်စုံစမ်းကြည့်တော့ ၄,၆၅၀ လောက်ထိ ပေါက်နေပြီ” လို့ ပြောပြပါတယ်။
အခုလို ဈေးကွက်အတွင်း စစ်ဆေးအရေးယူမှုတွေကို စိုးရိမ်ပြီး အရောင်းအဝယ်ရပ်ဆိုင်းမှုတွေ ဆက်ရှိနေပါက ဒေါ်လာလိုအပ်သူတွေနဲ့ ရောင်းချသူတွေအတွက် အမှန်တကယ် အရောင်းအဝယ်ဖြစ်နိုင်မဲ့ ဈေးနှုန်းကို ရှာဖွေရ ခက်ခဲလာနိုင်သလို ပြင်ပဈေးကွက်နဲ့ ကောင်တာဈေးနှုန်းတွေကြား ကွာဟမှုလည်း ဆက်ရှိနေနိုင်ပါတယ်။











