
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ဘက်မှာ ဓာတ်ဆီစျေးက ဇန်နဝါရီ ၃ ရက်ကစပြီး မြင့်တက်လာခဲ့တယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။
ဇန်နဝါရီလ ၃ ရက်မတိုင်ခင်က ဓာတ်ဆီ တလီတာကို ကျပ် ၃၈၀၀၊ ၄၀၀၀ နှုန်းနဲ့ ဝယ်ယူရပြီး ၃ ရက်နေ့နောက်ပိုင်းမှာ ကျပ် ၄၅၀၀၊ ၄၈၀၀ နှုန်းနဲ့ ဝယ်ရတယ်လို့ ဆိုပါတယ်။
ဓာတ်ဆီစျေးတက်လာတာက တောင်ငူဘက်က တံတားပျက်တဲ့အတွက် ကားဝင်ရောက်ဖို့ ခက်တာကြောင့်လို့ ပြောဆိုကြတာရှိပြီး စျေးတင်ချင်လို့ သတင်းလွှင့်တာနေမှာလို့ ပြောဆိုကြတာလည်းရှိပါတယ်။
ဒေသခံအမျိုးသား တယောက်က "အစက ဆီတပုံး(ဆီတပုံး၅ဂါလန်)ကို ၆၅၀၀၀ ဝန်းကျင်ပေါ့နော်။ ခုက ၉၀၀၀၀ ဆိုတော့ စျေးက တော်တော်လေးတော့ တက်သွားတယ် ပြောရမှာပေါ့။ ဆီဝင်တဲ့လမ်းက အချိန်ကြန့်ကြာမှုရှိတာကြောင့် ဆီစျေးက တက်တက်နေတဲ့အ နေထားမျိုးရှိနေတာလည်းပါတယ်၊ လမ်းကြောင်းပိတ်ဆို့ခံရတာလည်းပါတယ်"
ဓာတ်ဆီစျေး ထပ်တက်လာမှာကို ဒေသခံပြည်သူတွေနဲ့ စစ်ဘေးရှောင်ပြည်သူတွေစိုးရိမ်နေကြရပြီး လမ်းကြောင်းပိတ်ဆို့တာ၊ ကုန်စည်ဝင်ရောက်မှု လျော့နည်းလာကာ ကုန်စျေးနှုန်းတွေ ထပ်မြင့်တက်လာမှာကိုလည်း စိုးရိမ်နေကြပါတယ်။
ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ စစ်ဘေးရှောင်ပြည်သူ တသိန်းဝန်းကျင်နေထိုင်ကာ ဓာတ်ဆီနဲ့ ကုန်စျေးနှုန်းမြင့်တက်မှုတွေက အခက်အခဲပိုကြုံစေပြီး အလှူရှင်တဖြည်းဖြည်း နည်းပါးလာတာကြောင့်လည်း စားနပ်ရိက္ခာတွေကို ချေးငှားစားသောက်နေရတယ်လို့ စစ်ဘေးရှောင်ပြည်သူတွေဆီက သိရပါတယ်။