DVB Logo
Home
မြန်မာသတင်း
စစ်တွေနှင့် ကျောက်ဖြူ ဒေသခံများ စတင်စစ်ဘေးရှောင် 
DVB
·
January 7, 2025
စစ်တွေနှင့် ကျောက်ဖြူ ဒေသခံများ စတင်စစ်ဘေးရှောင် 
Donate to DVB

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ကျောက်ဖြူမြို့နယ်တွေမှာ စစ်ရေးတင်းမာနေတာကြောင့်  ဒေသခံတချို့ စတင်စစ်ဘေးတိမ်းရှောင်နေကြပြီး ကျန်ရှိဒေသခံတွေလည်း စိုးရိမ်မှုတွေနဲ့ နေထိုင် နေကြရပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ အာရက္ခတပ်တော် (AA) ထိန်းချုပ်ဖို့ ကျန်ရှိနေတဲ့မြို့နယ် ၃ ခုထဲက ၂ ခုဖြစ်တဲ့ စစ်တွေနဲ့ ကျောက်ဖြူမြို့နယ်တွေနားမှာ စစ်ရေးတင်းမာနေတာ ရက်သတ္တတပတ်ကျော် ကြာမြင့်နေပြီ ဖြစ်ပါတယ်။

စစ်တွေမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၁ ရက်ကစပြီး နှစ်ဖက် ပစ်ခတ်သံတွေစတင်ကြားရတာဖြစ်လို့ ဒေသခံတွေ စိုးရိမ်နေကြတာပါ။

လက်ရှိအချိန်ထိ စစ်တွေမြို့ပေါ်ရပ်ကွက်ထဲ ထိတွေ့တိုက်ပွဲတွေမရှိသေးပေမဲ့ စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ် အစပ်မှာတော့ နှစ်ဖက်ပစ်ခတ်မှုတွေ စတင်နေတယ်လို့ ဒေသခံတွေကပြော ပါတယ်။

စစ်တွေမြို့ခံတယောက်က “စစ်ဘေးရှောင်တဲ့လူတွေကတော့ ရန်ကုန်ကိုသွားကြတာများပါတယ်။ လွတ်မြောက်နယ်မြေလို့သတ်မှတ်ထားတဲ့နေရာကိုမှ သွားလို့မှမရတာ။ စိုးရိမ်မှုတွေကတော့ နေ့တိုင်းလိုလို ရှိနေပါတယ်။ သူတို့အပြန်အလှန် ပစ်ခတ်နေတာတွေက ကိုယ်တွေအပေါ်ပဲ လာကျမလား။ နေတဲ့ရပ်ကွက်ကိုပဲ လာကျမလားပေါ့။ တိုက်ပွဲတွေဖြစ်လာရင်လည်း သူတို့အချင်းချင်း အပြန်အလှန်ပစ်ခတ်တာမျိုးမဟုတ်ဘဲ လေယာဉ်ပျံနဲ့ လာဗုံးကြဲတာမျိုးကို ပိုကြောက်တာပါ စိုးရိမ်မှုတွေနဲ့တော့ နေရတာပေါ့”လို့ ပြောပါတယ်။

လက်ရှိမှာတော့ စစ်တွေဒေသခံတချို့က ပြည်မဘက်ကိုစတင်တိမ်းရှောင်နေကြပြီး တချိုဒေသခံတွေကတော့ ငွေကြေးအခက်အခဲတွေကြောင့် ဘယ်မှ မပြောင်းနိုင်သေးဘူးလို့ ဆိုပါတယ်။

စစ်တွေမြို့ထဲမှာ ညတိုင်းနီးပါး ဧည့်စာရင်းစစ်ဆေးပြီး ဖမ်းဆီးတာတွေ ရှိနေတာကြောင့် စိုးရိမ်ထိတ်လန့်စိတ်နဲ့နေနေရတယ်လို့ ဆိုပါတယ်။

စစ်တွေဒေသခံက “နေ့တိုင်းနီးပါး ရပ်ကွက်တိုင်းလိုလိုကို ဧည့်စာရင်းစစ်တယ်ဆိုပြီးတော့ ဝင်ရောက်ရှာဖွေတာ တွေရှိပါတယ်။ ဥက္ကဋ္ဌတွေလည်းပါတယ်၊ အိမ်ကိုဝင်တယ်၊ ပတ်ကြည့်တယ်၊ အိမ်ထောင်စုဇယားတို့ မှတ်ပုံတင်တို့စစ်တယ်။ အဲလိုမျိုးနီးပါး အပတ်တိုင်းစစ်တာပါ။ အရင်တုန်းကဆို ဧည့်စာရင်းကို ညဖက်စစ်တာများပါတယ်။ ခုက မနက်ဘက်ရော နေ့ခင်းဘက်တွေရော ဝင်ပြီးစစ်ဆေးတာရှိပါတယ်။ တိုက်ပွဲဖြစ်လာမှာစိုးရိမ်ပြီး ထွက်ပြေး တိမ်းရှောင်ကြတဲ့သူတွေလည်း ရှိပါတယ်။ လောလောဆယ် မြို့ပေါ်မှာ နေတဲ့သူတွေလည်း ကြောက်ကြောက်လန့်လန့်နဲ့ အခြေအနေတခုအရ နေနေကြတဲ့သူတွေပါ”လို့ ပြောပါတယ်။

အလားတူပဲ ကျောက်ဖြူမြို့နယ်မှာလည်း ကျောက်ဖြူမြို့ အခြေစိုက် အမှတ် (၃၂) ရဲတပ်ရင်းကနေ လက်နက်ကြီးပစ်ခတ်တာတွေ၊ စစ်ကောင်စီရေတပ်ကနေ လက်နက်ကြီးပစ်ခတ်တာတွေရှိနေတယ်လို့ ကျောက်ဖြူဒေသခံတွေက ပြောပါတယ်။

ဖမ်းဆီးမှုတွေလည်းရှိနေတာကြောင့် ဒေသခံတွေဟာ စိုးရိမ်ကြောက်လန့်နေရပြီး AA ထိန်းချုပ်တဲ့ဒေသတွေမှာ ထွက်ပြေးတိမ်းရှောင်မှု တွေရှိနေသလို တချို့ကလည်း ပြည်မဘက်ကို တိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

ကျောက်ဖြူ‌ဒေသခံတယောက်က “ကျောက်ဖြူမှာတောင် တခြားဘယ်မှာမှမရဘူး။ ထွေအုပ်ကနေပြီးတော့ ခရီးသည်ထွက်မယ့်အတွက်၊ ရန်ကုန်ထွက်မယ်ဆို ထွက်မယ်၊ မန္တလေးထွက်မယ်ဆိုထွက်မယ်၊ ဘယ်နေ့မှာမှ ဒီခရီးသည်ကထွက်ရမယ်ဆိုတဲ့ရက်နဲ့ လာတာပါ။ အဲဒီရက်ရပြီးမှ လက်မှတ်က ဝယ်လို့ရတာပါ။ ထွေအုပ်ရဲ့ ဘယ်နေ့သွားမယ်ဆိုတဲ့ ထွက်ခွာခွင့်ပြုတဲ့ ထောက်ခံစာပါမှ သွားလို့ရတာပါ။ စာရွက်စာတမ်း အကုန်လိုပါတယ်။ ရဲစခန်းထောက်ခံစာတို့ အိမ်ထောင်စုစာရင်းတို့ မှတ်ပုံတင်တို့”လို့ ပြောပါတယ်။

ရခိုင်က ၁၇ မြို့နယ်ထဲက ၁၄ မြို့နယ်ကို AA ကတိုက်ခိုက်သိမ်းပိုက်ရရှိထားပြီး ဒီဇင်ဘာ ၂၉ ရက်မှာ နိုင်ငံရေးနည်းနဲ့ ဆွေးနွေးဖြေရှင်းမယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ခေါင်းဆောင်ကလည်း လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီးတော့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဆွေးနွေးဖြေရှင်းဖို့ ပြောဆိုထားပါတယ်။

ကေခိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013