
ဟိန္ဒူအမျိုးသားရေးဝါဒီအဖွဲ့ ရာရှ်တရီယာ ဆွယမ်ဆီဗက်စန်းဂ် (RSS) ရဲ့ အကြီးအကဲ မိုဟန်ဘဂ်ဝပ် ပါဝင်တက်ရောက်မဲ့ ပွဲတခုကို ဆန့်ကျင်ကန့်ကွက်တယ်လို့ နယူးယောက်မြို့တော်ဝန် ဇိုရန်မာမ်ဒါနီက သြဂုတ် ၂၅ ရက်မှာ ပြောပါတယ်။
ဒါပေမဲ့ သီးသန့်စုဝေးပွဲတခု မဖြစ်အောင်တားဖို့ မြို့တော်ဝန်မှာ အခွင့်အာဏာရှိမရှိ မသေချာဘူး လို့လည်း ပြောပါတယ်။
အိန္ဒိယဝန်ကြီးချုပ် နရင်ဒြာမိုဒီရဲ့ ဘာရာတီယာ ဂျနာတာပါတီအတွက် အယူဝါဒဆိုင်ရာ မိခင်ပါတီ အဖြစ် ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ခံရတဲ့ ဟိန္ဒူအမျိုးသားရေးဝါဒီအဖွဲ့အစည်းကို ဦးဆောင်သူ ဘဂ်ဝပ် ဟာ သြဂုတ် ၂၉ ရက်မှာ မန်ဟက်တန်က မာဒီစန်ရင်ပြင်ဥယျာဉ်မှာ ကျင်းပမဲ့ စုဝေးပွဲမှာ မိန့်ခွန်း ပြောဖို့ စီစဉ်ထားတာပါ။
သတင်းစာရှင်းလင်းပွဲတမှာ ပွဲကို ဖျက်သိမ်းသင့်မသင့် မေးမြန်းရာမှာ မမ်ဒါနီက "ကျနော် စုဝေးပွဲကို မထောက်ခံပါဘူး၊ ဒါပေမဲ့ မြို့တော်မှာ ပုဂ္ဂလိကပွဲကို ဖျက်သိမ်းဖို့ တရားစီရင်ပိုင်ခွင့်ရှိမရှိ မသိပါဘူး" လို့ ပြောပါတယ်။
နယူးယောက်မြို့ရဲ့ ပထမဆုံး အိန္ဒိယ-အမေရိကန်နဲ့ မွတ်စလင် ဖြစ်သူ မြို့တော်ဝန် မမ်ဒါနီက သူကြီးပြင်းလာခဲ့တဲ့ အိန္ဒိယနိုင်ငံရဲ့ ရည်မှန်းချက်ဟာ ဗဟုဝါဒလူ့အဖွဲ့အစည်း ဖြစ်ပြီး အိန္ဒိယက လာတဲ့ လူတိုင်းရဲ့ ပိုင်ဆိုင်မှုအပေါ် ယုံကြည်တဲ့ လောကီသမ္မတနိုင်ငံဖြစ်တယ်လို့ ပြောပါတယ်။
ဖယ်ကျဉ်ရေးအမြင်ကို အခြေခံတဲ့ လှုပ်ရှားမှုတခု ပေါ်ပေါက်လာတာကို တွေ့ရတာ အလွန် စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းပါတယ်လို့ မမ်ဒါနီက ပြောခဲ့ပြီး အိန္ဒိယ-အမေရိကန် တယောက်အနေနဲ့ရော၊ မတူညီတဲ့ နောက်ခံနဲ့ ဘာသာတရားတွေ ရှိသူတွေကို လက်ခံတဲ့ မြို့တော်ဝန် တယောက်အနေနဲ့ပါ ဒီလို လှုပ်ရှားမှုကို နက်နက်ရှိုင်းရှိုင်း ဆန့်ကျင် နေတယ်လို့လည်း မမ်ဒါနီက ထပ်ပြောပါတယ်။
အရပ်ဘက်အခွင့်အရေး၊ ဘာသာရေးနဲ့ လူမှုအသိုက်အဝန်းအဖွဲ့တွေရဲ့ မဟာမိတ်အဖွဲ့က RSS ဟာ ဟိန္ဒူအမျိုးသားရေးဝါဒရဲ့ ဖယ်ကျဉ်ရေးပုံစံကို မြှင့်တင်ပေးတယ်လို့ ပြောရင်း ပွဲကို ဖျက်သိမ်းဖို့ တိုက်တွန်းခဲ့ ပြီးတဲ့နောက် မမ်ဒါနီရဲ့ ခုမှတ်ချက်တွေ ထွက်ပေါ်လာတာပါ။
အဖွဲ့အစည်းကို ထောက်ခံသူတွေက ခုလိုအဓိပ္ပာယ် ဖွင့်ဆိုချက်တွေကို ငြင်းပယ်ပြီး ဟိန္ဒူတန်ဖိုး တွေနဲ့ အမျိုးသားဝန်ဆောင်မှုအတွက် ရည်စူးထားတဲ့ ယဉ်ကျေးမှုနဲ့ လူမှုရေးလှုပ်ရှားမှုတခုအဖြစ် ဖော်ပြကြပါတယ်။
ဘဂ်ဝပ်ဟာ RSS ရဲ့ ရာပြည့်နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် နိုင်ငံတကာ ဆက်သွယ်ရေး အစီအစဉ်ရဲ့ တစိတ်တပိုင်းအဖြစ် အခုအပတ်မှာ အမေရိကန်ပြည်ထောင်စုကို ရောက်လာခဲ့တာပါ။
နယူးယောက်ပွဲကို အိန္ဒိယအနွယ် ပြည်ပရောက်နေသူ ထောင်ပေါင်းများစွာ တက်မယ်လို့ မျှော်လင့် ရပါတယ်။
မမ်ဒါနီရဲ့ မှတ်ချက်တွေက နိုင်ငံရေးအရ ထိလွယ်ရှလွယ်ရှိနေဆဲဖြစ်တဲ့ RSS နဲ့ ဟိန္ဒူ အမျိုးသားရေးဝါဒရဲ့ အခန်းကဏ္ဍဆိုင်ရာ အငြင်းပွားမှုတွေရှိနေတဲ့ အိန္ဒိယနဲ့ အမေရိကန် ၂ နိုင်ငံလုံး မှာ အာရုံစိုက်မှု ရဖို့ ရှိနေတယ်လို့ မီဒီယာတွေက သုံးသပ်နေကြပါတယ်။
Source:Reuters











