
အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ရဲ့ မြို့တော်ဝန် ဇိုရန်မမ်ဒါနီဟာ ဘရွတ်ကလင်းရပ်ကွက်က အများပြည်သူဆိုင်ရာ အိမ်ရာတခုကို ခေတ်မီအောင် ပြုပြင်မွမ်းမံဖို့ ရည်ရွယ်တဲ့ အိမ်ရာစီမံကိန်း အတွက် ငွေကြေးထောက်ပံ့မှုဆိုင်ရာ သဘောတူညီချက်တခုကို အပြီးသတ်ရပြီလို့ စက်တင်ဘာ ၃၀ ရက်မှာ ကြေညာပါတယ်။
နယူးယောက်မြို့ အများပိုင်အိမ်ရာထိန်းသိမ်းရေး ရန်ပုံငွေအဖွဲ့ကတဆင့် ဒေါ်လာ ၆၀၇ သန်းတန်ဖိုး ရှိတဲ့ စီမံကိန်းကို အကောင်အထည်ဖော်နိုင်ခဲ့ခြင်းအတွက် Nostrand Houses အိမ်ရာရှေ့မှာ မမ်ဒါနီက ဂုဏ်ယူပြောပါတယ်။
ဒီရန်ပုံငွေအဖွဲ့ကို နယူးယောက်မြို့ အိုးအိမ်ဦးစီးဌာန (NYCHA) က စီမံခန့်ခွဲလည်ပတ်နေတာပါ။ ဖယ်ဒရယ်အစိုးရရဲ့ ငွေကြေးအထောက်အပံ့တွေရစေဖို့ လွယ်ကူချောမွေ့စေမဲ့ ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းထားတာပါ။
ဘရွတ်ကလင်းရပ်ကွက်က ဒီစီမံကိန်းမှာ အဆောက်အအုံဆိုင်ရာ တခြားအရာတွေအပြင် အပူပေး စနစ်၊ ရေနွေးစနစ်နဲ့ ရေပိုက်လိုင်းစနစ်တို့ကို အဆင့်မြှင့်တင်သွားမှာပါ။
ဒီသဘောတူညီချက်ဟာ မမ်ဒါနီရဲ့ မြို့တော်ဝန်သက်တမ်းအတွင်း ချမှတ်ထားတဲ့ မူဝါဒအစီအစဉ် တွေနဲ့ ကိုက်ညီနေပါတယ်။
မမ်ဒါနီဟာ ရာထူးစယူချိန်ကတည်းက "အိမ်လခတိုးမြှင့်မှု ရပ်ဆိုင်းရေး"ကို ကြွေးကြော်သံတွေထဲက တခု အဖြစ် ကိုင်စွဲခဲ့သူပါ။
သူရဲ့ လမ်းဆုံ တခုကနေ တခုဆီသို့ အစီအစဉ်မှာ လာမဲ့ဆယ်စုနှစ်အတွင်း ဈေးနှုန်းသက်သာတဲ့ အိမ်ရာ ယူနစ်ပေါင်း ၄ သိန်းကို ဖန်တီးပေးဖို့ ကတိပြုထားပါတယ်။
ပြီးခဲ့တဲ့အပတ်က Gracie Mansionမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့တွေ့ချိန်မှာ မမ်ဒါနီက ကွင်းစ်ရပ်ကွက်မှာရှိတဲ့ Sunnyside Yard ဧရိယာကို ဖွံ့ဖြိုးတိုးတက် စေရေးအတွက် ဆွေးနွေး ခဲ့တယ်လို့ ပြောပါတယ်။
ဒီစီမံကိန်းဟာ နေအိမ်ပေါင်း ၁၂,၀၀၀ နဲ့ အလုပ်အကိုင်ပေါင်း ၃၀,၀၀၀ ကို ဖန်တီး ပေးနိုင်လောက်တယ်လို့ မီဒီယာတွေက သုံးသပ်ပါတယ်။
ဒါ့အပြင် နွေရာသီကာလအတွင်း ဇိုရာမမ်ဒါနီဟာ အိမ်လခနှုန်းထား ထိန်းချုပ်ကန့်သတ်ထားတဲ့ နေအိမ်ပေါင်း ၁ သန်းလောက်အတွက် အိမ်လခ တိုးမြှင့်မှု ရပ်ဆိုင်းပေးဖို့ မြို့တော်ရဲ့ အိမ်လခနှုန်း ထား သတ်မှတ်ရေးဘုတ်အဖွဲ့ဆီကနေ အောင်အောင်မြင်မြင် တောင်းဆိုနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ အိမ်ပိုင်ရှင်တွေကတော့ အိမ်လခတိုးမြှင့်မှု ရပ်ဆိုင်းခြင်းကို တရားရုံးမှာ ကန့်ကွက်တိုင်ကြား ထားပါတယ်။
Source:Reuters










