
ပြင်သစ်နိုင်ငံ ပါရီမြို့က အီဖယ်တာဝါမှာ ဟိန္ဒူဘာသာရေးအဖွဲ့ လာရောက်ချိန် အမျိုးသမီးဝန်ထမ်းတွေကို ဖယ်ခိုင်းခဲ့လို့ ဝန်ထမ်းတွေ သပိတ်မှောက်ပြီး စက်တင်ဘာ ၇ ရက်မှာ တာဝါကို ပိတ်ခဲ့ရပါတယ်။
BAPS ဟိန္ဒူဘာသာရေးအဖွဲ့နဲ့ ဆက်နွှယ်သူ ၁၀၀ လောက်ဟာ စက်တင်ဘာ ၅ ရက်က တာဝါကို လာရောက်ခဲ့ကြပါတယ်။
သူတို့ဟာ ပါရီဆင်ခြေဖုံးက ဟိန္ဒူဘုရားကျောင်းသစ် ဖွင့်ပွဲအတွက် ပြင်သစ်ကို ရောက်နေကြပါတယ်။
အဲဒီအဖွဲ့ လာချိန်မှာ အမျိုးသားတွေနဲ့ အစားထိုးဖို့ အမျိုးသမီးဝန်ထမ်းတွေကို အလုပ်နေရာကနေ ဖယ်ခိုင်းခဲ့တယ်လို့ သမဂ္ဂကိုယ်စားလှယ် ဒိုင်ယန်း ဒါဗွန်းက ပြောပါတယ်။
အမျိုးသမီးတွေကို နောက်တကြိမ် ဒီလိုမဆက်ဆံဖို့ ဝန်ထမ်းတွေက စီမံခန့်ခွဲရေးအဖွဲ့နဲ့ ဆွေးနွေးလိုကြောင်းလည်း ဒါဗွန်းက ဆိုပါတယ်။
တာဝါကို စီမံခန့်ခွဲတဲ့ SETE ကုမ္ပဏီကတော့ အမျိုးသမီးတွေနဲ့ ထိတွေ့ဆက်ဆံမှု လျှော့ချပေးဖို့ ဘာသာရေးအဖွဲ့က တောင်းဆိုခဲ့ကြောင်း အတည်ပြုပါတယ်။
ကုမ္ပဏီက ဝန်ထမ်းတွေကို တောင်းပန်ခဲ့ပြီး “ဒီလိုသတ်မှတ်ချက်တွေကို လက်မခံခဲ့သင့်ပါဘူး” လို့ ပြောပါတယ်။
BAPS အဖွဲ့ကတော့ တခြားသူတွေကို အနှောင့်အယှက်မဖြစ်စေဖို့ တာဝါဖွင့်စအချိန်မှာ လာရောက်ဖို့ စီစဉ်ခဲ့တာဖြစ်ကြောင်း ရှင်းပြပါတယ်။
စိတ်ထိခိုက်မှုနဲ့ အဆင်မပြေမှုတွေအတွက် တောင်းပန်ကြောင်းလည်း အဖွဲ့က ထုတ်ပြန်ပါတယ်။ ပါရီမြို့တော်ဝန် အီမန်နျူရယ် ဂရီဂွါးက ဒီဖြစ်ရပ်ကို အမြန်ဆုံး စုံစမ်းမယ်လို့ ပြောပါတယ်။











