
စစ်ကောင်စီတပ်တွေဟာ မန်းရွှေစက်တော်ဘုရားပွဲဖွင့်လှစ်နိုင်ရေးအတွက် အနီးနားက ရွာ ၁၁ ရွာကို စစ်ကြောင်းထိုးဝင်ရောက်ကာ နယ်မြေရှင်းလင်းတာတွေ ပြုလုပ်နေတယ်လို့ မင်းဘူးခရိုင်တပ်ရင်း ၆ ထံက သိရပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၂ ရက်ကစပြီး စစ်ကောင်စီတပ်ဟာ မန်းရွှေစက်တော်ဘုရားအနီးက ပုဒေါင်းရွ၊ ဥယျာဉ်၊ လောက်ပုလဲ၊ ကိုင်းမကြီး၊ တင်ပြင်ခွေ၊ အိုပြင်မဲ၊ အိုင်းမ၊ လက်ပံတော၊ မဲချောင်၊ ကသက်ရွာနဲ့ ဘုရားရွာတို့အတွင်း အင်အား ၁၃၀ နဲ့ ဝင်ရောက်ပြီး ပြည်သူတွေကို ဖမ်းဆီးတာ၊ နေအိမ်တွေက ပစ္စည်းဥစ္စာတွေကို ခိုးယူတာ၊ နေအိမ်တွေကို ဖျက်ဆီးတာတွေပြုလုပ်ခဲ့ကာ လက်ရှိမှာတော့ ရွာ ၃ ရွာမှာ အင်အားဖြန့်ပြီး အထိုင်ချတပ်စွဲထားတယ်လို့ မင်းဘူးခရိုင် တပ်ရင်း ၆ ရဲ့ တာဝန်ရှိသူတယောက်က DVB ကို ပြောပါတယ်။
“ဖေဖော်ဝါရီ ၂ ရက်နေ့ဆိုရင် ရွှေစက်တော်ဘုရားပွဲစဖွင့်ပြီ။ အဲ့ဒီအတွက်ကို ရွာတွေထဲဝင်ပြီး နယ်မြေရှင်းလင်းတာမျိုးလုပ်နေတာ။ သူတို့ဝင်နေတဲ့ရွာတွေက ပြည်သူတွေလည်း ထွက်ပြေးနေရတယ်။ အချိန်မရွေးတိုက်ပွဲဖြစ်လာနိုင်လို့ ရွှေစက်တော်အနီးမှာပြည်သူတွေ အသွားအလာတွေမလုပ်ဖို့ မေတ္တာရပ်ခံပါတယ်။”
စစ်ကောင်စီတပ်တွေဟာ ရွှေစက်တော်ဘုရားအနီးမှာ ခံစစ်ပြင်တာ၊ ခရီးသွားပြည်သူတွေကို ပေါ်တာဆွဲတာ၊ ဖမ်းဆီးထားတဲ့ ပြည်သူတွေကို မိုင်းကွင်းအတွင်းဖြတ်ခိုင်းတာ၊ လမ်းမတွေပေါ်မှာ မိုင်းထောင်တာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
ဒါကြောင့် မင်းဘူးမြို့နယ်အတွင်းရှိ ပုသိမ်-မုံရွာလမ်းပိုင်း၊ လက်ပံတော-အိုင်းမ-ကိုင်းမကြီး လမ်းပိုင်းတွေကို အသုံးမပြုဖို့နဲ့ စစ်ကောင်စီတပ်နဲ့ရဲတွေအနီးမှာ နေထိုင်တာတွေမပြုလုပ်ဖို့ မင်းဘူးခရိုင်တပ်ရင်း ၆ က သတိပေးထားပါတယ်။
လက်ရှိမှာ စစ်ကြောင်းထိုးဝင်ရောက်ထားတဲ့ ကျေးရွာတွေက ပြည်သူ ၁၀၀၀ ကျော်ဟာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ဖမ်းဆီးခံရတဲ့ ပြည်သူတချို့ဟာ စစ်မှုထမ်းဖို့အတွက် လူသစ်စုဆောင်းခံထားရတယ်လို့လည်း သိရပါတယ်။











