DVB Logo
Home
မြန်မာသတင်း
လားရှိုးတွင် MNDAA က ယာဉ်မောင်းနှင်ခွင့် ယာယီကတ်ပြား ပြုလုပ်ပေး
DVB
·
January 7, 2025
လားရှိုးတွင် MNDAA က ယာဉ်မောင်းနှင်ခွင့် ယာယီကတ်ပြား ပြုလုပ်ပေး
Donate to DVB

ကိုးကန့် MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့မှာ ဇန်နဝါရီ ၄ ရက်ကစပြီး MNDAA က ယာဉ်မောင်းနှင်ခွင့် ယာယီကတ်ပြား ပြုလုပ်ပေးနေကြောင်း ယာဉ်မောင်းတွေထံက သိရပါတယ်။

ကားလေးယာဉ်မောင်းတယောက်က “ကားလေးတွေပဲ လုပ်ပေးတာပါ။ ကုန်ကားတွေတော့ မပါသေးပါဘူး။ ကားလေးတွေ တစီး တသောင်းခွဲတဲ့။ ရှမ်းပြည်နယ်မြောက်ပိုင်း ဘယ်နေရာမဆို သွားလို့ရတယ်။ ကားလိုင်စင်ပေါ့ ပြောရမယ်ဆိုရင်။ လားရှိုးမှာနေတဲ့ ကားမှန်သမျှ အကုန်လုံးတွေပဲ။ ကားတွေမှ အများကြီးပဲ။ အဲ့ကတ်ပါမှ အဝင်အထွက် ချောင်မှာလေ၊ အဲဒါကြောင့်။”

ကတ်လုပ်မယ့်ကားတွေ ကားတန်းအရှည်ကြီး တန်းစီနေကြပြီး လက်ရှိမှာတော့ ကတ်မလုပ်ထားသူတွေကို အရေးယူတာမျိုးတော့ မရှိသေးဘူးလို့ ဒေသခံ လူငယ်တယောက်က ပြောပါတယ်။

MNDAA နဲ့ နီးစပ်သူတယောက်က “ယာယီမောင်းနှင်ခွင့်ကတ် လုပ်ပေးတာပါ။ အိမ်စီးကားလည်း လုပ်ပေးပါတယ်။ ယာဉ်ကြီး ယာဉ်ငယ် အကုန်လုပ်ပေးပါတယ်ဗျ။ အားလုံး တသောင်းခွဲဗျ။ တသောင်းခွဲကလည်း ဒီ ကျနော်တို့ MNDAA အစိုးရကနေ ယူတာမဟုတ်ဘူးဗျ။ ယူတာက ကတ်လုပ်ပေးတာနဲ့ ခဲခြစ်တဲ့အတွက် အပြင်ကငှားတဲ့အတွက် အဲအတွက် တသောင်းခွဲ ပေးရတာပါ” လို့ ပြောပါတယ်။

ယာဉ်မောင်းလိုင်စင်သဘောမျိုးလားဆိုတော့ အဲလိုလည်း ပြောလို့ရပေမဲ့ ယာယီကတ်ပြားလို့လည်း ပြောထားပြီး သက်တမ်းက တနှစ်ရှိတယ်လို့ သူက ပြောပါတယ်။

“တကယ်လို့ မလုပ်ထားခဲ့ရင် ဘယ်လိုအရေးယူမယ် ဆိုတာတော့ မပြောသေးဘူး။ ကျနော်လည်း သေချာမသိလို့ပါ။ လောလောဆယ်တော့ ကတ်မရှိရင်လည်း ဝင်လို့ရပါတယ်။ မလာသေးတဲ့ လူတွေအတွက်လည်း နောက်ပိုင်းကျရင် MNDAA က အဲဒီကတ်တွေ လုပ်ပေးမှာပါ။”

ကားကြီးရော ကားသေးရော ကတ်လုပ်တဲ့ ကုန်ကျစရိတ်က အတူတူဖြစ်ပြီး MNDAA ထိန်းချုပ်ရာ အထူးဒေသ ၁ တခုလုံး သွားလို့ရတယ်လို့ ဆိုပါတယ်။

အဲဒီကတ်ပြားမပါရင် ကွမ်းလုံတံတားလည်း ပေးမဖြတ်ဘူးလို့ ကွတ်ခိုင်မြို့နယ်က ‌ယာဉ်မောင်းတယောက်က ပြောပါတယ်။

“ကွတ်ခိုင်မှာလည်း လုပ်လို့ရတယ်။ ငါးသောင်းကုန်တယ်။ မှတ်ပုံတင်ရှိရင်ရပြီ။ ကားနံပါတ်၊ အင်ဂျင်နံပါတ်၊ ဖရိန်နံပါတ်ဆိုရင်ရပြီ။ ၁၀ နာရီမှာ ရုံးဖွင့်တယ်။ မနေ့က ကျနော်လုပ်တာက ခဏလေးဆိုရင်ရပြီ။ လူမများဘူး။ ကွတ်ခိုင်မှာဆို လူမများဘူး။ လားရှိုးမှာဆို အရမ်းတန်းစီရတယ်။ တနေကုန်တောင် မရဘူး။”

တချို့နေရာတွေတော့ မလိုသေးပေမဲ့ ကိုးကန့်ဒေသ လောက်ကိုင်ဘက် သွားမယ်ဆိုရင် လိုအပ်ပြီး အခု ဇန်နဝါရီလကုန်ရင်တောင် လားရှိုး အဝင်၊ အထွက် Supply Check လုပ်တော့မယ်လို့ ကြားတယ်လို့လည်း ပြောပါတယ်။

လိုင်စင်ကားတွေက အုံနာဘုတ်ယူလာဖို့ လိုအပ်ပြီး လိုင်စင်မဲ့ကားတွေက ခဲခြစ်ပေးပြီး အင်ဂျင်နံပါတ်နဲ့ ဖရိန်နံပါတ်ယူကာ ကတ်ပြားပြုလုပ်ပေးကြောင်း Lashio Reconstruction Page မှာ ဖော်ပြထားပါတယ်။

အရင်ရက်တွေက လားရှိုး ရပ်ကွက် ၃၊ ရပ်ကွက် ၈၊ ဟိုပိတ်တွေမှာ လုပ်ပေးပြီးနောက်ပိုင်း ကတ်လာလုပ်တဲ့လူတွေ များလာလို့ သုံးနေရာခွဲပြီး ထပ်လုပ်ပေးကာ ဘယ်နှစ်ရက်ဆိုတာတော့ မသတ်မှတ်ထားပါဘူးလို့ ဖော်ပြထားပါတယ်။

စက်တပ်ယာဉ်မောင်းနှင်ခွင့် ယာယီကတ်ပြား ပြုလုပ်ပြီးရင် ကတ်ပြားကိုင်ပြီး ကားနဲ့တွဲကာ ဓာတ်ပုံရိုက် မှတ်တမ်းယူထားကြောင်း၊ မြို့တွင်း စက်တပ်ယာဉ်မောင်းနှင်ခွင့် ယာယီကတ်ပြား ပြုလုပ်ပေးရခြင်းမှာ ရာဇဝတ်မှုလျှော့ချနိုင်ရေးအပြင် ကားအခိုးခံရပါက အလွယ်တကူ စိစစ်ရှာဖွေနိုင်ဖို့ ရည်ရွယ်ကြောင်း၊ မြို့တွင်း စက်တပ်ယာဥ်‌မောင်းနှင်ခွင့် ယာယီကတ်ပြား သက်တမ်းမှာ တနှစ်သက်တမ်းဖြစ်ပြီး နောက်ပိုင်း သက်တမ်းတိုးခြင်း၊ လိုင်စင်လုပ်ပေးခြင်း ပြုလုပ်ပေးသွားမှာ ဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013