
ပဲခူးတိုင်း၊ ပြည်နဲ့ ပန်းတောင်းမြို့မှာ ရခိုင်စစ်ဘေးရှောင်တွေကို နေ့စဥ် ရှာဖွေစစ်ဆေးမှုတွေ ပြုလုပ်နေပြီး စစ်ဘေးရှောင်ဝင်ရောက်မှုကိုလည်း ကန့်သတ်ထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဒီနှစ်အစမှာ တောင်ကုတ်-ပန်းတောင်း ရိုးလမ်းပေါ်က စစ်ကောင်စီတပ်ရဲ့ တောင်ပုံကြီး စစ်အခြေစိုက်စခန်း တိုက်ခိုက်ခံရပြီးနောက် အခုလို စစ်ဆေးတာလို့ ပန်းတောင်းမြို့ခံတယောက်က ပြောပါတယ်။
“တောင်ပုံကြီးတိုက်ပွဲမှာ စစ်တပ်က ဘယ်လောက်သေသွားလဲ မသိဘူး၊ ပန်းတောင်းမှာ ၂ ရက်နေ့ကစပြီး ရခိုင်လူမျိုးမှန်သမျှ စစ်ဘေးရှောင်ရော အရင်တည်းက နေတဲ့သူတွေရော အကုန်စစ်တာ၊ ရခိုင်စစ်ရှောင်တွေကို ပေးမဝင်တော့ဘူးထင်တယ်။”
ပြည်မြို့မှာ ဒီဇင်ဘာ ၃ ရက်ကစပြီး ရခိုင်စစ်ဘေးရှောင်ဝင်ရောက်မှုကို တာဂွဂိတ်၊ နဝဒေးတံတားဂိတ်၊ ဆင်မကြပ်ဂိတ် လမ်းဆုံနဲ့ ကင်းချောင်းဂိတ်တွေမှာ စစ်ဆေးတဲ့အပြင် မြို့ပေါ်ရပ်ကွက်က အိမ်တွေမှာလည်း လိုက်လံစစ်ဆေးတာတွေရှိတယ်လို့ မြို့ခံတယောက်က ပြောပါတယ်။
“နဝင်းရပ်ကွက်နဲ့ ပြည်တော်သာဘက်မှာဆို ညဘက်ရော နေ့ခင်းဘက်မှာပါ ဧည့်စာရင်းစစ်သလို စစ်တာ။ ရခိုင်စစ်ဘေးရှောင်ကို အဓိကထားပြီးရှာတာ။ ဒီဘက်မှာတော့ အရင်ကတည်းကနေတဲ့ ရခိုင်တွေပဲရှိတယ်။ ရခိုင်စစ်ဘေးရှောင်တော့မရှိဘူး။”
ရခိုင်စစ်ဘေးရှောင်တွေကို အခုလိုစစ်ဆေးတာဟာ စစ်ကောင်စီတပ်အနေနဲ့ ပြည်ခရိုင်အတွင်းရှိ စစ်လက်နက်ထုတ်လုပ်တဲ့ စက်ရုံတွေကို အာရက္ခတပ်တော် (AA) က တိုက်ခိုက်လာမှာကို စိုးရိမ်ပြီး လုပ်တာလို့ သုံးသပ်သူတွေလည်း ရှိပါတယ်။
ပြည်နဲ့ ပန်းတောင်းမြို့မှာ စစ်လက်နက်ပစ္စည်းထုတ်လုပ်တဲ့ စက်ရုံတွေဖြစ်တဲ့ ကပစ ၊ ကစပ ၅၊ ကပစ ၆၊ ကပစ ၇၊ ကပစ ၉၊ ကပစ ၁၉ စတဲ့ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှုတပ်ဖွဲ့ သင်တန်းကျောင်းတွေ ရှိပါတယ်။