
လူမှုကွန်ရက်ပေါ်မှာ တင်ထားတဲ့ သတင်းတပုဒ်အောက်မှာ Comment မှတ်ချက် ဝင်ရေးတဲ့ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ကြိုးကြာကျေးရွာက အမျိုးသမီးတယောက်ကို ဇွန် ၂၁ ရက်က စစ်အာဏာရှင်တပ် လက်အောက်ခံ ရဲတွေက ဖမ်းဆီးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဇွန် ၂၁ ရက် နေ့လယ် ၁ နာရီ မိနစ် ၄၀ က ပန်းတောင်းမြို့နယ်၊ ကြိုးကြာကျေးရွာမှာ နေထိုင်တဲ့ မဝတ်မှုံဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာလို့ မြို့ခံတယောက်က DVB ကို ပြောပါတယ်။
“The Mask Singer အစီအစဉ်မှာ ပိုင်ဇေရဲထွန်းက နှင်းဆီပန်းတပ်တာကို ဘောမတွေ ဒေါသထွက်နေတဲ့အချိန်၊ အဲ့ကောင်မလေးက ကြိုရိုက်ပြီး လွှင့်တာလား၊ Live လားတောင် မသဲကွဲတဲ့ ချီးဘရိန်းတွေ ပြောမိပြန်ပြီ၊ ငါ့အိမ်မှာတော့ နှင်းဆီပန်းတွေ စိုက်ထားတယ်လို့ သွားမန့်လိုက်တာ။ အဲဒီ Comment ကို ဘောမတွေက မြင်ပြီး လိပ်စာအတိအကျနဲ့ ဖမ်းခိုင်းတာ။”
ဇွန် ၂၀ ရက်က လော်ဘီချန်နယ်တွေက မှတ်ချက် စကရင်ရှော့နဲ့ မဝတ်မှုံဦး အသုံးပြုနေတဲ့ Wutt Hmone Oo ဖေ့စ်ဘွတ်ခ်အကောင့်မှ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းခါစက တင်ထားတဲ့ ဓာတ်ပုံတွေကို အသုံးပြုကာ ဖမ်းဆီးခိုင်းခဲ့တာ ဖြစ်ပါတယ်။
စစ်အာဏာရှင်တပ်က ဇွန် ၂၂ ရက် ထုတ်ပြန်တဲ့ မဝတ်မှုံဦး ဖမ်းဆီးရမိတဲ့ သတင်းမှာတော့ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် လူမှုကွန်ရက်စာမျက်နှာပေါ်မှာ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ လုပ်ဆောင်လို့ ဖမ်းဆီးတာလို့ ပါရှိပေမဲ့ ဘယ်ပုဒ်မနဲ့ အရေးယူထားတယ်ဆိုတာ ဖော်ပြထားခြင်း မရှိပါဘူး။
ဇွန် ၅ ရက်ကလည်း လူမှုကွန်ရက်ပေါ်မှာ တင်ထားတဲ့ သတင်းတပုဒ်အောက်မှာ Comment ဝင်ရေးတဲ့ ပဲခူးမြို့နယ်၊ လိပ်ပြာကန်ရပ်ကွက်၊ မှော်ကန် ၁ လမ်းမှာ နေထိုင်တဲ့ အသက် ၆၈ နှစ်အရွယ် ဒေါ်ကျင်စိုးကို စစ်အာဏာရှင်တပ် လက်အောက်ခံ ရဲတွေက ဖမ်းဆီးခဲ့ပါတယ်။










