
ပဲခူးတိုင်း ပန်းတောင်မြို့နယ်အတွင်းမှာ မူးယစ်ဆေးဝါးသယ်ဆောင်လာသူ ၂ ယောက်ကို WY စိတ်ကြွဆေးပြား ၃၂ သိန်းနဲ့ အာရက္ခတပ်တော်နဲ့ မဟာမိတ် ပူးပေါင်းတပ်တို့က ဖမ်းဆီးရမိခဲ့တယ်လို့ မေ ၁၉ ရက်နေ့မှာ AA ရဲ့ ရဲတပ်ဖွဲ့ဖြစ်တဲ့ ဒီလပ် (DLEPS) က ထုတ်ပြန်ပါတယ်။
အာရက္ခတပ်တော် (AA) နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေဟာ မေ ၁ ရက်နေ့ နေ့လယ်က ဥသျှစ်ပင်မြို့အနီး ကင်းလှည့်ကြစဉ် မသင်္ကာဖွယ်ရာ တဲတလုံးကို တွေ့ရှိတာကြောင့် ဝင်ရောက်စစ်ဆေးရာ တဲအတွင်းမှာ အမျိုးသား ၂ ယောက်ကို မူးယစ်ဆေးဝါးတွေနဲ့အတူ လက်ရဖမ်းဆီးမိတာလို့ ဒီလပ်ရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
ဥသျှစ်ပင်မြို့ခံ ဦးအောင်လကျော် (၄၀ နှစ်) နဲ့ ပြည်မြို့ခံ ဦးအောင်ကျော်မိုး (၄၁ နှစ်) တို့ကို RS မြင်းတံဆိပ်ပါ WY ဆေးပြားတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။
ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေဟာ စစ်အာဏာရှင်နဲ့ ပတ်သက်မှုရှိနေတဲ့ ရန်ကုန်မြို့ ရွှေပြည်သာမြို့နေ ဦးမိုးကျော်ထွေးနဲ့ အင်းစိန်မြို့နေ ဦးရန်နိုင်ဆိုသူတို့က ပိုင်ဆိုင်တာဖြစ်ပြီး ဖမ်းဆီးရမိထားတဲ့ မူးယစ်ဆေးဝါးတွေကို စစ်တပ်ရဲ့ စစ်ဆေးရေးဂိတ်တွေမှာ စစ်ဆေးမှုမရှိဘဲ ပြန်လွှတ်ပေးလိုက်တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လက်ရှိ ဖမ်းဆီးရရှိထားသူတွေနဲ့ ကွင်းဆက်တရားခံတွေကို ဆက်လက်စစ်ဆေးဖော်ထုတ်မှုတွေ အပါအဝင် မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးတွေဆိုင်ရာ ဥပဒေပုဒ်မ-၁၉(က)/၂၁/ကျင့်- ၅၁၂ အရ မေ ၁၅ ရက်က အမှုဖွင့်ထားကာ ဥပဒေအကြံပြုချက်နဲ့ အညီ ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။
ပန်းတောင်းဒေသဟာ လက်ရှိမြန်မာနိုင်ငံမှာ စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ပြောင်းလဲသွားတဲ့ စစ်ရေး၊ ပထဝီနိုင်ငံရေးအရ အာရက္ခတပ်တော် လှုပ်ရှားရာနေရာတခုဖြစ်ပြီး အာရက္ခတပ်တော်အနေနဲ့ ဒေသခံပြည်သူလူထုတွေနဲ့ တရားဥပဒေစိုးမိုးရေးတွေကို အကောင်းဆုံး ပူးပေါင်းနေတဲ့ ဒေသလို့ ပြောထားပါတယ်။
အာရက္ခတပ်တော် လှုပ်ရှားတဲ့ နေရာတွေ၊ နယ်မြေတွေ၊ ဒေသတိုင်းမှာ “မူးယစ်ဆေးဝါး ပပျောက်ရေးနဲ့ ကျားဖြန့် လုံးဝမရှိစေရ၊ ကျားဖြန့်သမားတွေအတွက် နေရာလုံးဝမရှိစေရ” ဆိုတဲ့ မူအတိုင်း အခိုင်အမာစွဲကိုင်ပြီး ပြတ်ပြတ်သားသား ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
ခေတ်အဆက်ဆက်မှာ စစ်အာဏာရှင် တပ်ဖွဲ့ဝင်တွေဟာ သူတို့ရဲ့ စစ်ဆေးရေးဂိတ်တွေမှာ လာဘ်ပေးလာဘ်ယူမှုတွေ၊ အဂတိလိုက်စားမှုတွေကို အဓိကထားပြီး လုပ်ဆောင်နေတာဖြစ်ပြီး မူးယစ်ဆေးဝါး ကူးသန်းရောင်းဝယ်သူတွေနဲ့ အရင်ကထက် ပိုမိုကျယ်ပြန် ပူးပေါင်းလုပ်ဆောင်လာတယ်လို့ AA က ပြောထားပါတယ်။
မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတက်တဲ့ ဆေးဝါးတွေဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က) အရ မူးယစ်ဆေးဝါး ဒါမှမဟုတ် စိတ်ကိုပြောင်းလဲစေသောဆေးဝါးကို ရောင်းချဖို့ လက်ဝယ်ထားတာ၊ သယ်ဆောင်တာ၊ တဆင့်ပို့ဆောင်ပေးတာ ဒါမှမဟုတ် လွှဲပြောင်းခြင်းတွေ ပြုလုပ်တာကြောင့် ပြစ်မှုထင်ရှားကြောင်း စီရင်ခံရသူကို ထောင်ဒဏ် အနည်းဆုံး ၁၀ နှစ်ကနေ နှစ်အကန့်အသတ်မရှိ ထောင်ဒဏ်အထိ ချမှတ်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်အာဏာရှင်ဘက်ကလည်း ရခိုင်နယ်စပ်နဲ့ ဆက်စပ်ဒေသတွေမှာ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို AA ရဲ့ မူးယစ်ဆေးဝါးတွေလို့ မကြာခဏဆိုသလို စွပ်စွဲနေပါတယ်။











