
တောင်ကိုရီးယားရောက် မြန်မာနိုင်ငံသားတွေကို ခိုက်ရန်မဖြစ်ဖို့နဲ့ လုံခြုံရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးဖို့ အင်ချွန်းမြို့၊ ဘူဖြောင်းရဲဌာနက မေတ္တာရပ်ခံထားပါတယ်။
ဘူဖြောင်းဘူတာရုံအနီးမှာ အရှေ့တောင်အာရှမှ နိုင်ငံခြားသားတွေ ခိုက်ရန်ဖြစ်ပွားမှု များပြားလာတာကြောင့် ဒေသခံတွေ ထိတ်လန့်နေပြီး ရဲဌာနရဲ့ အရေးပေါ်ဖုန်းသို့ ဆက်သွယ်တိုင်ကြားမှု မြင့်တက်နေလို့ လုံခြုံရေးလုပ်ငန်းတွေကို ပိုမိုဆောင်ရွက်နေရကြောင်း မြန်မာအသိုက်အဝန်းသို့ ရည်ရွယ်ပေးပို့တဲ့ ရဲတပ်ဖွဲ့ရဲ့ စာမှာ ဖော်ပြထားပါတယ်။
ဘူဖြောင်းဘူတာ အနီးဝန်းကျင်မှာ ဒေသခံတွေက အရှေ့တောင်အာရှနိုင်ငံတွေက နိုင်ငံသားတွေ ရန်ဖြစ်ပါက နိုင်ငံအလိုက် ခွဲခြားမသိဘဲ မြန်မာလို့ပဲ အထင်အမြင်လွဲမှားတတ်တာကြောင့် မူလကောင်းမွန်တဲ့ ဂုဏ်သိက္ခာနဲ့ ပုံရိပ် မထိခိုက်ရအောင် ပူးပေါင်းဆောင်ရွက်စေလိုကြောင်း ဆိုပါတယ်။
မြန်မာနိုင်ငံသားတွေအနေနဲ့ ညဉ့်နက်ပိုင်းတွေမှာ ဘူဖြောင်းဘူတာအနီးရှိ စားသောက်ဆိုင်၊ အရက်ဆိုင်တွေမှာ ပဋိပက္ခမဖြစ်အောင် အချင်းချင်း အပြန်အလှန် ထိန်းကျောင်းပေးဖို့နဲ့ ပဋိပက္ခဖြစ်ရင်လည်း ငြိမ်းချမ်းတဲ့ နည်းလမ်းသုံးပြီး ပြေလည်အောင် ဖြေရှင်းဖို့ အချက် ၂ ချက်ကို ဘူဖြောင်းရဲဌာနက တောင်းဆိုထားပါတယ်။
ဘူဖြောင်းဘူတာ အနီးဝန်းကျင်မှာ မြန်မာနိုင်ငံသားများစွာ ရှိနေသလို ရုံးပိတ်ရက်တွေမှာလည်း နီးစပ်တဲ့ မြို့တွေမှာ မြန်မာတွေ လာရောက်ဆုံစည်းလေ့ရှိတဲ့ နေရာတခု ဖြစ်တယ်လို့ အဆိုပါဒေသမှာ နေထိုင်၊ လုပ်ကိုင်နေသူတယောက်က ပြောပါတယ်။
“မြန်မာတွေကို တလေးတစား ကမ်းလှမ်းတိုက်တွန်းတာ အသိအမှတ်ပြုရမဲ့ လုပ်ရပ်ပါ။ ကိုယ့်ဘက်ကလည်း သတိထား ထိန်းသိမ်းလိုက်နာပေးဖို့ လိုပါတယ်။”
ဘူဖြောင်းရဲဌာနမှာ မြန်မာနိုင်ငံသားတချို့ကို လုံခြုံရေးအရန်တပ်ဖွဲ့ဝင်တွေအဖြစ် တရားဝင် အသိအမှတ်ပြု ခန့်အပ်ထားပြီး၊ နယ်မြေခံ ရဲတပ်ဖွဲ့နဲ့အတူ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေမှာ လိုက်ပါဆောင်ရွက်နေတာလည်း ရှိပါတယ်။










