DVB Logo
Home
မြန်မာသတင်း
တောင်သာတွင် လေထီးဖြင့် ဗုံးကြဲ၊ မလှိုင်က စစ်စခန်းတိုက်ခိုက်ခံရပြီး စစ်သား ၆ ဦးသေ
DVB
·
January 5, 2025
တောင်သာတွင် လေထီးဖြင့် ဗုံးကြဲ၊ မလှိုင်က စစ်စခန်းတိုက်ခိုက်ခံရပြီး စစ်သား ၆ ဦးသေ
Donate to DVB

မန္တလေးတိုင်း၊ တောင်သာမြို့နယ်ထဲကို စစ်ကောင်စီက စက်တပ် လေထီးတွေနဲ့ လာရောက်ဗုံးကြဲခဲ့ပြီး မလှိုင်မြို့နယ်မှာတော့ စစ်ကောင်စီတပ်စခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ကြလို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရသလို လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၃ ရက်နေ့ မနက် ၅ နာရီဝန်းကျင်မှာ စက်တပ်လေထီးတွေနဲ့ တောင်သာမြို့နယ်မှာ ထပ်မံဗုံးကြဲတိုက်ခိုက်သွားတယ်လို့ မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်း၊ တပ်ခွဲ ၃ ရဲ့ တာဝန်ခံဇူရီ က ပြောပါတယ်။

“တောင်သာမြို့နယ်ထဲက ကျောင်းကုန်းရွာနားမှာရှိတဲ့ တပ်ရင်း ၃ ဌာနေနားကို စက်တပ်လေထီးတွေနဲ့ ဗုံး ၄ လုံး ကြဲသွားတာပါ။ ထိခိုက်ပျက်စီးတာတော့ မရှိပါဘူး။ ကျနော်တို့ ဒီမြို့နယ်ထဲကို စစ်တပ်က စက်တပ်လေထီးနဲ့ ၁၀ ရက်အတွင်း ၂ ကြိမ် ဗုံးကြဲခံရတာပါ။ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေလည်း ရှိပါတယ်။ ဒါကြောင့်မို့ ပြည်သူတွေအနေနဲ့ အထူးသတိရှိဖို့ လိုပါတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၅ ရက်နေ့ကလည်း တောင်သာမြို့နယ်ထဲက ဇရပ်ကြီးကျေးရွာ စာသင်ကျောင်းကို စစ်ကောင်စီတပ်က စက်တပ်လေထီးတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အမျိုးသမီး ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြသေးတယ်လို့ သူက ဆက်ပြောပါတယ်။

ဇန်နဝါရီ ၂ ရက်နေ့၊ မနက် ၁၀ နာရီဝန်းကျင်ကလည်း မန္တလေးတိုင်း၊ မလှိုင်မြို့နယ်ထဲက သရက်ကောင်းပင်ရွာနဲ့ သုံးတောင်ရွာကြားမှာ စစ်ကောင်စီတပ်စွဲနေတဲ့တပ်စခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ကြလို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရရှိကြကာ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

မြင်းခြံခရိုင်အမှတ် ၈ တပ်ရင်းတာဝန်ခံ ကိုလင်းလက် က “နှစ်ဖက် အပြန်အလှန်ပစ်ကြတာက ၁ နာရီလောက် ကြာတယ်ဗျ။ သူတို့ဘက်က ၆ ယောက် သေတယ်ဗျာ။ ၁ ယောက်ကို အရှင်ဖမ်းမိတယ်။ လက်နက်ခဲယမ်းတွေလည်း ရခဲ့တယ်ဆိုတော့ ၂၀၂၅ ခုနှစ်ရဲ့ အဖွင့်ကောင်းတဲ့ တိုက်ပွဲလို့ ပြောရမှာပါ။ ကျနော်တို့ဘက်က ထိခိုက်ဒဏ်ရာရတာ မရှိဘူး။ ကျနော်တို့ တော်လှန်ရေးအဖွဲ့တွေဘက်ကလည်း NUG MOD ရဲ့ ဦးဆောင်မှုနဲ့ လူအင်အားနဲ့ လက်နက်အင်အားတွေ အရင်ကထက်စာရင် အများကြီးတိုးတက်လာတယ်။  တော်လှန်ရေးအဖွဲ့တွေ အချင်းချင်းကြားမှာလည်း အရင်ကထက် ပူးပေါင်းဆောင်ရွက်မှုတွေ အားကောင်းလာခဲ့တယ်ပေါ့။ အခုနှစ်ထဲမှာ မန္တလေးတိုင်းအတွင်းထဲက နယ်မြေတွေကို စိုးမိုးမှုတွေပိုမိုရရှိဖို့ အခုထက်ပိုပြီး ကြိုးစားသွားမှာဖြစ်ပါတယ်” လို့ DVB ကို ပြောပါတယ်။

အရှင်ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းကိုတော့ ဥပဒေနဲ့အညီ ဆက်လက်အရေးယူဆောင်ရွက်နိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ အမှတ် ၁ စစ်ဒေသဆီကို လွှဲပြောင်းပေးလိုက်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

အဲဒီတိုက်ပွဲအတွင်းကနေ G3 သေနတ် ၃ လက်၊ ကျည်အတောင့် ၅၅၀ နဲ့ ကျည်ဘောက် ၆ ခု တို့ကိုလည်း သိမ်းဆည်းရရှိခဲ့ပြီး တိုက်ခိုက်မှုကို မြင်းခြံခရိုင်တပ်ရင်း ၃၊ ၄၊ ၈၊ ၁၀၊ နွားထိုးကြီးမြို့နယ် ပကဖ၊ မလှိုင်မြို့နယ် ပကဖ တွေနဲ့အတူ မိတ္ထီလာခရိုင် အမှတ် ၂ တပ်ရင်း (MHLG-PDF) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013