
ပြီးခဲ့တဲ့တပတ်အတွင်း တောင်ပိုင်းစစ်ဒေသမှာ တိုက်ပွဲ ၁၄ ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်သား ၁၅၀ ကျော် ထိခိုက်သေဆုံးခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသက ဇန်နဝါရီ ၄ ရက်မှာ ထုတ်ပြန်ပါတယ်။
စစ်ရေးသတင်းအကျဉ်းချုပ်ကို ထုတ်ပြန်လာတာဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်ကနေ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃ ရက်အထိ ၇ ရက်တာကာလအတွင်း တောင်ပိုင်းစစ်ဒေသ၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF)ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲ ၁၄ ကြိမ်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သား ၇၃ ယောက် သေဆုံး၊ ၇၅ ယောက်နဲ့အထက် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
မြဝတီ - ကော့ကရိတ် အာရှလမ်းမကြီးကို ပြန်လည်စိုးမိုးဖို့ အင်အားဖြည့်ရောက်ရှိလာတဲ့ အောင်ဇေယျစစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဗျူဟာ ၃၂၊ ဗိုလ်တာပေါ ဦးဆောင်တဲ့ KNLA တပ်ရင်း ၂၈ ပူးပေါင်းစစ်ကြောင်းတို့ နေ့စဉ်နီးပါးထိတွေ့မှုဖြစ်နေပြီး စစ်ကောင်စီဘက်က အထိနာနေတယ်လို့လည်း ဆိုပါတယ်။
တော်လှန်ရေးပူးပေါင်းအဖွဲ့က ရိက္ခာနှင့်စစ်ကူလမ်းကြောင်းဖြတ်တောက်ထားတဲ့ အနန်းကွင်း ဗျူဟာစခန်းဆီကို ဝင်ရောက်ဖို့ကြိုးပမ်းတဲ့ စစ်ကောင်စီရဲ့တပ်ကူ သံတွဲစစ်ကြောင်းကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ အထူးစစ်ဆင်ရေးတပ်ဖွဲ့(SOF)၊ နဂါးနီစစ်ကြောင်း၊ KNLA တပ်ရင်းတွေနဲ့ ရောင်နီဒရုန်းအထူးတပ်ဖွဲ့၊ Dawna Dragon၊ Cloud Wings ဒရုန်းပူးပေါင်းအဖွဲ့တို့က ကြားဖြတ်တားဆီးပိတ်ဆို့လို့ စစ်ကောင်စီတပ်သားတွေ ထိခိုက်ကျဆုံးမှု များလို့ လေယာဉ်၊ လက်နက်ကြီးတွေနဲ့ အပြင်းအထန်စစ်ကူပေးနေပါတယ်။
တိုက်ပွဲမှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်က ရဲဘော် ၃ ယောက် ကျဆုံးခဲ့ရသလို ၁၅ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။