DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီနှင့် ပူးပေါင်းရန်  PDF များကို ပျူခေါင်းဆောင် ဒေါ်သီတာယုမွန်က လိုက်လံစည်းရုံး
DVB
·
January 3, 2025
စစ်ကောင်စီနှင့် ပူးပေါင်းရန်  PDF များကို ပျူခေါင်းဆောင် ဒေါ်သီတာယုမွန်က လိုက်လံစည်းရုံး
Donate to DVB

မန္တလေးတိုင်း၊ မြင်းခြံခရိုင် ပျူစောထီးခေါင်းဆောင် ဒေါ်သီတာယုမွန်က ဒေသတွင်းရှိ PDF တွေကို နည်းလမ်းစုံနဲ့ ဆက်သွယ်ပြီး စစ်ကောင်စီဘက်ကို ပြန်လည်ကူးပြောင်းဖို့ လိုက်ပြီးစည်းရုံးနေသလို PDF တွေရဲ့ မိသားစုတွေကို အကျပ်ကိုင်ပြီး လူငယ်တွေ နေရပ်ပြန်လာဖို့ ဖိအားပေးနေတယ်လို့ မြင်းခြံခရိုင် PDF ခေါင်းဆောင်တွေက ပြောပါတယ်။

ဒေါ်သီတာယုမွန်ဟာ စစ်အာဏာမသိမ်းခင်က မြင်းခြံခရိုင်၊ ကြံ့ခိုင်ရေးပါတီစည်းရုံးရေးမှူးဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက် မန္တလေးတိုင်းထဲမှာ ပြည်သူ့စစ်သင်တန်းတွေ အစောဆုံးဖွင့်လှစ်ကာ ပျူစောထီးတပ်ဖွဲ့ ထူထောင်ခဲ့သူဖြစ်ပါတယ်။

၁၀၂၇ စစ်ဆင်ရေးအလွန် မန္တလေးတိုင်းမှာ တော်လှန်ရေးဘက်က အသာစီးယူပြီးတဲ့နောက်မှာ စစ်ကောင်စီက မြေပြင်ကနေ စစ်ကြောင်းထိုးတာတွေ မြင်းခြံခရိုင်ထဲမှာ လျော့နည်းသွားပြီး PDF တွေကို နေရပ်ပြန်ဖို့ နည်းလမ်းမျိုးစုံ အသုံးပြုနေတာပါ။ 

PDF တွေရဲ့ မိသားစုတွေကို ဖိအားပေးတာ၊ ခြိမ်းခြောက်အကျပ်ကိုင်တာတွေပြုလုပ်ပြီး လူငယ်တွေ နေရပ်ပြန်လာဖို့ ဖိအားပေးတာတွေလည်းရှိနေတယ်လို့  MBT မြင်းခြံခရိုင်၊ အမှတ် ၉ တပ်ရင်းရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ဗိုလ်မိုက်ခဲက ပြောပါတယ်။

“ပျူစောထီးတွေ၊ စကစတွေအနေနဲ့ စစ်ကြောင်းထိုးတဲ့ နည်းဗျူဟာကိုမသုံးဘဲနဲ့ ဘယ်ကနေ ဖုန်းနံပါတ်တွေ ရမှန်းမသိဘဲနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို အွန်လိုင်းပေါ်ကသော်လည်းကောင်း၊ ဖုန်းဆက်ပြီးတော့သော်လည်းကောင်း နည်းမျိုးစုံနဲ့ သူတို့ဘက်ကို လာဖို့အတွက် ကမ်းလှမ်းတာတွေ၊ စည်းရုံးတာတွေ လုပ်လာတာပိုများပါတယ်။ ညီကိုယ်တိုင်လည်း ဒေါ်သီတာယုမွန်က ညီတို့ဆီကို တဆင့်ခံဖုန်းနဲ့ ဆက်လာတယ်ပေါ့နော်။ သူတို့ဘက်ကို အလင်းဝင်ဖို့ပေါ့ ဆွေးနွေးထားတာတွေရှိတယ်။ လုံးဝ ဒါကိုလက်ခံမှာမဟုတ်ဘူး၊ အာဏာရှင်စနစ်ကို အမြစ်ပြတ်အောင်တိုက်ထုတ်မှာ ဖြစ်တဲ့အကြောင်းလည်း ပြန်ပြော လိုက်တယ်ပေါ့နော်။ အဓိက ဆိုလိုချင်တဲ့အဓိပ္ပါယ်က စကစ အနေနဲ့ အရင်တုန်းကလို လက်နက်နဲ့ ထိုးစစ်ဆင်တာမျိုး မလုပ်တော့ဘဲနဲ့ တော်လှန်ရေးဘက်တော်သား PDF တွေကို စကစ ဘက် ပါလာအောင် နည်းအမျိုးမျိုး နဲ့ သွေးခွဲတာတို့ စည်းရုံးတာတို့လုပ်လာတာများပါတယ်။”

မြင်းခြံခရိုင်မှာ ဒေါ်သီတာယုမွန်ဟာ ထောင်နဲ့ချီတဲ့ တပ်သားတွေကို စစ်သင်တန်းပေးပြီး ပြည်သူ့စစ်တပ်ဖွဲ့စုဖွဲ့ထားတာဖြစ်ပါတယ်။

တော်လှန်ရေးအင်အားစုတွေက လက်နက်ကိုင်လမ်းစဉ်ကို စတင်တာနဲ့တပြိုင်တည်းမှာ စစ်ကောင်စီကလည်း မန္တလေး၊ စစ်ကိုင်းနဲ့ မကွေးတိုင်းတွေမှာ ပျူစောထီးတွေကို စစ်သင်တန်းတွေပေးပြီး ပြည်သူအချင်းချင်း တန်ပြန်တိုက်ခိုက်ကြဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။ 

ပျူစောထီးအစုအဖွဲ့တွေဟာ PDF တွေလိုပဲ သတင်းအချက်အလက်ဝေမျှတာ၊ လက်နက်နဲ့ရိက္ခာ ထောက်ပို့တာ၊ ရန်ပုံငွေရှာဖွေတာ စတဲ့နည်းလမ်းတွေကို အသုံးပြုခဲ့တာကြောင့် စစ်ကောင်စီရဲ့ ထောက်ပို့အားနည်းနေချိန်တွေမှာတောင် ရှင်သန်ရပ်တည်နိုင်ကြတာဖြစ်ပါတယ်။

မြင်းခြံခရိုင်၊ အမှတ် ၇ တပ်ရင်းမှ ဗိုလ်ဇီးရိုးက “ပျူတွေကတော့ တော်လှန်ရေးအင်အားစုတွေ ဖြတ်သွားတဲ့ရွာမျိုးပေါ့။ နည်းနည်းပါးပါး ထောက်ပံ့မှုတွေရှိလို့ သတင်းရတဲ့ ရွာမျိုးဆိုရင် သူတို့က စစ်ကြောင်းထိုးပြီး ဒီရွာက ပစ္စည်းတွေ ဒီရွာကို ရောက်တာနဲ့ လူမရှိတော့ဘူး။ လူမရှိတဲ့အချိန်မှာ ဆန်၊ ဆီ၊ ဆား၊ အသုံးအဆောင်ပစ္စည်း၊ ရုတ်တရက်ပြေးသွားလို့ ရွှေငွေတွေ ကျန်ခဲ့ရင်လည်း ရွှေငွေပေါ့ဗျာ။ ဒါမျိုးတွေယူပြီးတော့ သူတို့ ရပ်တည်နေတာပေါ့။ တကယ့်လက်တွေ့ဖြစ်စဉ်တွေပါ။ သူတို့က မြို့ပေါ်မှာနေတော့ သူတို့ပိုက်ဆံလိုရင် လာသမျှ ဆိုင်ကယ်တားပြီးတော့ ပိုက်ဆံတောင်းတယ်။ ကြောက်တော့ ပေးနေရတာပေါ့ဗျာ။ ဒီလိုပုံစံမျိုးနဲ့ ရပ်တည်လာတာပါ။ စစ်တပ်ကလည်း သူတို့ကို ဘယ်လောက် အလုံးစုံထောက်ပံ့နိုင်မှာလည်းဗျာ လက်နက်ကလွဲရင်။ အဲ့ဒီတော့ ပြည်သူပဲ ဒုက္ခရောက်တာပေါ့ဗျာ။ ဒီလိုစနစ်နဲ့ပဲ သူတို့က သွားနေတာပါ။ သူတို့ကိုလည်း ကျနော်တို့က သတိတော့ တော်တော်ထားရတယ်၊ လျှော့တွက်လို့မရဘူး။ သာမန်စစ်မှုထမ်းနဲ့ ဖြစ်လာတဲ့ စစ်သားနဲ့စာလို့ရှိရင် ပျူကို အဓိကထားရတာပေါ့” လို့ ပြောပါတယ်။

မြေပြင်မှာ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေက နေရာအများစုကို ထိန်းချုပ်ထားတာကြောင့် စစ်ကောင်စီက ထောက်ပို့လုပ်ငန်းကို လေကြောင်းကနေ ပြုလုပ်နေရတာပါ။

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးအရှိန်တွေကြောင့် မန္တလေးတိုင်းထဲက ပျူစောထီးတွေကို စစ်ကောင်စီက လုံလောက်အောင်မထောက်ပို့နိုင်တာ၊ PDF တွေက မြေပြင်ထောက်ပို့လမ်းကြောင်းတွေကို ပိတ်ဆို့ထားတာတွေကြောင့် စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေဟာ ရှင်သန်ရပ်တည်ဖို့ ခက်ခဲနေပါတယ်။ 

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013