
မန္တလေးတိုင်း၊ မြင်းခြံမြို့က ပျူစောထီးခေါင်းဆောင် သီတာယုမွန်ဟာ ပြည်သူတွေကိုအနိုင်ကျင့်ပြီး ပြည်သူပိုင်ပစ္စည်းတွေကို အဓမ္မသိမ်းယူနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အမည်မဖော်လိုတဲ့ မြို့ခံတယောက်က “ကျနော်တို့ မြင်းခြံမြို့ဆိုတာက ဆေးလိပ်ထဲထည့်တဲ့ ဆေးရွက်ကြီး အဓိကထွက်တဲ့ဒေသဖြစ်တယ်။ ပြီးခဲ့တဲ့ ဇွန်လထဲကဆိုရင် မြင်းခြံမြို့ပေါ်က ဒိတ်ဒိတ် ကြဲ လုပ်ငန်းရှင် ဆေးရွက်ကြီးဒိုင်တွေဆီကနေ ဆေးရွက်ကြီးပို (တောင်းအရှည်) တွေ သိန်း ၅ သောင်းဖိုးလောက်အထိ သူတို့အဖွဲ့က သိမ်းပစ်လိုက်တယ်။ ဆေးရွက်ကြီးပိုတပိုကို ဒီဘက်မှာ ကာလတန်ကြေး ၁၆ သိန်းလောက်ပေါက်တယ်။ အဲဒီ ၁၆ သိန်းလောက်ပေါက်တဲ့ ဆေးရွက်ကြီး ပိုတွေ ထောင်ချီပြီးသိမ်းပစ်တာ။ သီတာယုမွန်ကတော့ အဲဒီ ဆေးရွက်ကြီးတွေကို ပြန်ရောင်းစား နေတာလို့ ကျနော်တို့သိထားတယ်။ မြင်းခြံမြို့ပေါ်မှာကတော့ သီတာယုမွန်နဲ့ပျူစောထီးအဖွဲ့ ဆိုရင် ပြည်သူတွေကကြောက်နေကြတယ်။ သူတို့အဖွဲ့က ပြည်သူတွေကိုသတ်တာ၊ ဖြတ်တာ၊ လုယက် တာတွေ၊ ဓားပြတိုက်တာတွေနဲ့ ပြန်ပေးဆွဲတာတွေ အကုန်လုပ်နေတာနေဗျ။ စစ်တပ်ဆီကိုတော့ တိုင်ထားတယ်ကြားတယ်။ ဒါပေမဲ့ စစ်တပ်ဘက်က အခုထိ အရေးယူတာမရှိသေတော့ သိသိကြီးနဲ့ လွှတ်ထားတာလား။ မသိချင်ယောင် ဆောင်ထားတာလားတော့ မသိဘူးပေါ့ဗျာ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၇ ရက်နေ့ကလည်း မြင်းခြံမြို့ပေါ် အမှတ် ၅ ရပ်ကွက်မှာနေထိုင်ပြီး ဆေးရုံက ဆင်းလာတာမကြာသေးတဲ့ ကိုမင်းကို ဆိုသူကို သီတာယုမွန်နဲ့ပျူစောထီးအဖွဲ့က ဖမ်းဆီးရိုက်နှက်ခဲ့ လို့ သေဆုံးသွားခဲ့ရသေးတယ်လို့လည်း ဆိုပါတယ်။
သီတာယုမွန်နဲ့သူ့အဖွဲ့ဟာ မြင်းခြံမြို့ပေါ်ကိုလာကြတဲ့ ပြည်သူပိုင်ကားတွေကိုပြန်ပေးဆွဲပြီး ပိုက်ဆံနဲ့ ပြန်ရွေးခိုင်းတာ၊ လုတဲ့ယက်တာတွေလည်းရှိတယ်လို့ သိရပါတယ်။
မြင်းခြံအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “မြင်းခြံမြို့ပေါ်မှာကတော့ ပျူတွေ များတယ်။ သီတာယုမွန် ဆိုတာကလည်း KTV ကနေထွက်လာတဲ့သူဆိုတော့ လူငယ်တွေကို ဘယ်လိုချုပ်ကိုင်ရမလည်းဆိုတာသိနေတော့ အသက် ၂၀ ဝန်းကျင် မိန်းမပျိုတွေနဲ့ လူငယ်လေး တွေကို ပေးကမ်းဆွဲဆောင်ထားပြီး သူတို့ပျူအဖွဲ့ထဲဆွဲခေါ်ထားပြီး လုံခြုံရေးအပြည့်နဲ့နေတာ။ ကျနော်တို့ဘက်က မြို့ပေါ်မှာရှိတဲ့ပြည်သူတွေကိုငဲ့ညှာနေရလို့ မြို့ပေါ်တက်ပြီး တိုက်ပွဲဖော်ဆောင် တာတွေ မလုပ်တာပါ” လို့ ပြောပါတယ်။
မြင်းခြံပျူစောထီးခေါင်းဆောင် သီတာယုမွန်နဲ့အဖွဲ့ဟာ မြင်းခြံမြို့ပေါ်မှာ စိုးမိုးထားနိုင်ပေမဲ့ မြင်းခြံ မြို့နယ်ထဲက ကျေးရွာအများစုကိုတော့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က စိုးမိုးထားတယ်လို့ လည်း တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။











