
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ ပျူစောထီးခေါင်းဆောင် သီတာယုမွန်ရဲ့လက်အောက်ခံတွေကို ကြားဖြတ်တိုက်ခိုက်ခဲ့လို့ စစ်သားနဲ့ပျူစောထီး ၄ ယောက် သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့သလို တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော် ၁ ယောက်လည်း ကျဆုံးခဲ့တယ်လို့ MGN 35 ပြောက်ကျားတပ်ဖွဲ့ဆီကနေ သိရပါတယ်။
စက်တင်ဘာ ၂၂ ရက်နေ့က မြင်းခြံနယ်၊ တလုပ်မြို့ဘက်ကနေ အနိမ့်ရွာဘက်ကို ဆိုင်ကယ်တွေနဲ့ဆင်းလာချိန် ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ MGN 35 ပြောက်ကျားတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။
အဲဒီတိုက်ပွဲအတွင်းကနေ စစ်သားတွေနဲ့ ပျူစောထီးတွေရဲ့ G3 သေနတ် ၁ လက်၊ 7.62 ကျည် ၄၅ တောင့်တို့နဲ့အတူ စစ်သားအလောင်း ၂ လောင်းနဲ့ ပျူစောထီးအလောင်း ၂ တို့ သိမ်းဆည်းရရှိခဲ့တယ်လို့လည်း ဆိုပါတယ်။
MGN 35 ပြောက်ကျားတပ်ဖွဲ့တာဝန်ခံ ကိုနွေမိုက် က “ကျနော်တို့ သွားရောက်ပြီး ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့နေရာက သူတို့ကြီးစိုးတဲ့နယ်ထဲမှာပါ။ တလုပ်ဘက်ကနေ အနိမ့်ရွာဘက်ကို ဆိုင်ကယ်တွေနဲ့ဆင်းလာတဲ့အင်အားကတော့ ၁၀ ယောက်လောက်ပဲရှိတာ။ အဲဒီ ၁၀ ယောက်ထဲမှာ ကပစ ၂၀ က ဗိုလ် ၁ ယောက်ကတော့ ပြင်းပြင်းထန်ထန်ဒဏ်ရာရသွားတယ်။ ပစ်ခတ်မှုကတော့ ၁၅ မိနစ်လောက်ကြာတယ်။ တိုက်ပွဲထဲမှာ ကျနော့်ရဲဘော် ၁ ယောက်ကျခဲ့ပါတယ်။ ပစ်ခတ်မှုတွေအတွင်းမှာ မြင်းခြံဘက်ကနေ သူတို့စစ်ကူအင်အား ၁၂၀ လောက်ထပ်ရောက်တာနဲ့ အင်အားမမျှလို့ ပြန်ဆုတ်လာခဲ့တာပါ” လို့ DVB ကို ပြောပါတယ်။
ကျဆုံးသွားတဲ့ရဲဘော်ရဲ့ရုပ်အလောင်းကို လမ်းမှာပဲသင်္ဂြိုလ်ခဲ့ရပြီး နာရေးကိစ္စတွေ ဆောင်ရွက်နေရလို့ သတင်းထုတ်ပြန်ပေးဖို့နောက်ကျနေခဲ့ရတာလို့လည်း သူက ဆက်ပြောပါတယ်။
မြင်းခြံမြို့နဲ့ မြင်းခြံမြို့နယ်အတွင်းက ပျူစောထီးခေါင်းဆောင် သီတာယုမွန်ရဲ့ ပျူစောထီးအဖွဲ့ဝင်တွေနဲ့ စစ်တပ်လက်အောက်ခံတွေဟာ ကျေးရွာတွေဘက်ကိုသွားရောက်ပြီး လူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးတာတွေ မကြာခဏပြုလုပ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။










