DVB Logo
Home
မြန်မာသတင်း
စစ်အာဏာရှင်ကို အမြစ်ပြတ်ချေမှုန်းရန် ကရင်လက်နက်ကိုင်အဖွဲ့များ ပေါင်းစည်းရန်လို
DVB
·
January 3, 2025
စစ်အာဏာရှင်ကို အမြစ်ပြတ်ချေမှုန်းရန် ကရင်လက်နက်ကိုင်အဖွဲ့များ ပေါင်းစည်းရန်လို
Donate to DVB

စစ်အာဏာရှင်ကို အမြစ်ပြတ်တိုက်ခိုက်ချေမှုန်းနိုင်ဖို့ ကရင်လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ ပြန်ပေါင်းစည်းဖို့ ဆန္ဒရှိတယ်လို့ ကရင်တော်လှန်ရေးခေါင်းဆောင်တွေက ပြောပါတယ်။ 

လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ ကျော်ကလို ကရင်လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေ ပြန်လည်စုစည်းပြီး စစ်အာဏာရှင်တော်လှန်ရေးကိုပါဝင်ကြဖို့ ကရင့်နိုင်ငံရေးခေါင်းဆောင်တွေက မကြာခဏ တိုက်တွန်းတာတွေ လုပ်ခဲ့ကြပါတယ်။

၁၉၉၄ ခုနှစ်အထိ တစုတစည်းတည်းရှိခဲ့တဲ့ ကရင်လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေဟာ အဲဒီနောက်ပိုင်းမှာ ခွဲထွက်မှုတွေရှိခဲ့ကြတာပါ။ ဒါကြောင့် လာမယ့်နှစ်တွေမှာ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့တွေအနေနဲ့ တညီတညွတ်တည်း ပေါင်းစည်းနိုင်မယ်လို့ ယုံကြည်မိတယ်လို့ ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်မှူးဒါဘောက ပြောပါတယ်။

“အခုက လွတ်မြောက်နယ်မြေတွေကို ကရင်ပြည်နယ်ထဲမှာ ဖော်ဆောင်လာနိုင်ပါပြီ။ တဘက်မှာလည်း အချင်းချင်း ညီညီညွတ်ညွတ်နဲ့ စည်းစည်းလုံးလုံးနဲ့ မတိုက်ဖို့ မခိုက်ဖို့ ဒါတွေဆို အလားအလာကောင်းတွေ အများကြီးရှိတယ်လို့ ပြောလို့ရပါတယ်။ ကျနော်တို့ ခက်ခက်ခဲခဲ ရုန်းထလာခဲ့တယ်။ အရင်တုန်းက အချင်းချင်း တိုက်ခိုက်ခဲ့ရတာရှိတယ်။ ခုဆိုရင် လုံးလုံးမရှိတော့ပါဘူး။ ဘာလို့ဆို BGF ကလည်း အာဏာသိမ်း စစ်ခေါင်းဆောင် လက်အောက်မှာ မနေတော့ဘူး။ သူတို့ပေးတဲ့လစာတွေ မယူတော့ဘူး၊ KNA ဆိုပြီးဖွဲ့ဖို့ လုပ်နေတာဆိုတော့ အနာဂတ်မှာ အာဏာရှင်လည်းပြုတ် ကျနော်တို့လည်း တစုတစည်းတွေ ပေါင်းစည်းဖို့ ကျနော်ယုံကြည်ပါတယ်။”

လက်ရှိမှာ ကရင်လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေကြားမှာ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေးကောင်စီ (KNLA/PC)၊ ကရင်အမျိုးသားတပ်မတော် (KNA) နဲ့ ကော်သူးလေ တပ်မတော် (KTLA) ဆိုပြီး သီးခြားရပ်တည်မှုတွေရှိနေပါတယ်။

ဒီကနေ့အချိန်မှာတော့ ကရင်တော်လှန်‌ရေးအဖွဲ့တွေပေါင်းစည်းဖို့ တွေ့ဆုံဆွေးနွေးမှုတွေရှိနေကာ လက်ရှိ လမ်းစတွေတော့ရှိနေပြီလို့ DKBA စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ်စောဆန်းအောင် က ပြောပါတယ်။

“မိမိလူမျိုးအတွက် အလုပ်လုပ်တယ်ဆိုရင် ဘယ်သူ ဘယ်ခေါင်းဆောင်ဖြစ်ဖြစ် ပေါင်းရမယ်၊ ပေါင်းဖို့အတွက် လမ်းစတွေတော့ရှိနေပါပြီ၊ ကရင်ညီညွတ်ရေး ကော်မတီဆိုပြီးတော့ ဆယ်စုနှစ်ကြာ လုပ်နေတာရှိတယ်။ ပေါင်းစည်းမယ်ဆိုတာ စကားအရသာလွယ်တာပါ။ လက်‌တွေ့မှာတော့ အခက်အခဲတွေ ရှိပါတယ်။ အဲဒီအခက်အခဲတွေကို မကြာခင်မှာ ကျော်လွှားလို့ရမှာပါ။ တဖွဲ့နဲ့တဖွဲ့ ဘယ်လိုစုပေါင်းပြီးသွားမလဲ အာမခံချက်ပြည့်ပြည့်ဝဝနဲ့ ယုံကြည်မှုရှိရှိနဲ့ ပေါင်းချင်တာပေါ့။ ဘယ်သူက ဘယ်နေရာမှာ ဘာတွေတောင်းဆိုမလဲ တောင်းဆိုတဲ့ အချက်တွေကို ပေးမယ်ဆိုတဲ့ ကတိကဝတ်တွေလည်း လိုသေးတယ် မျှမျှတတပေါ့လေ။”

KNU ဥက္ကဋ္ဌပဒိုစောကွယ်ထူးဝင်းကတော့ ပြီးခဲ့တဲ့ ၇၅ နှစ်မြောက် ကရင့်တော်လှန်ရေးနေ့မှာ လည်း ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ ၁၉၄၉ ခုနှစ်ကလို ပြန်လည်ပေါင်းစည်းဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

ပြန်လည်ပူးပေါင်းကြဖို့ ဆွေးနွေးမှုတွေရှိနေပေမဲ့ လက်ရှိအချိန်ထိ အဖြေမထွက်သေးဘူးလို့ DKBA ဒုစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး စောရွှေဝက ပြောပါတယ်။

“ငြိမ်းချမ်းရေးကတော့ ခေါ်တော့ခေါ်တယ် ကျနော်တို့လူတွေကလည်းသွားပါတယ်။ ဒါပေမဲ့ ရပ်တန့်နေတယ်။ ဘာမှတိုးတက်မှုမရှိပါဘူး။ ပူးပေါင်းဆောင်ရွက်ဖို့ စိတ်ရှိပါတယ်။ ကျနော်လည်း ကရင်ပဲလေ၊ KNU လည်း အစည်းအဝေးခေါ်ဖို့ အမြဲတမ်းပဲပြောနေတယ်။ ပေါင်းစည်းလို့ရပြီ ဒါပေမဲ့ အဖြေတခုမှမပေါ်သေးဘူးလေ။ တစုတစည်း တဖွဲ့တဖွဲ့ ပြန်ပေါင်းစည်းဖို့ စိတ်ဆန္ဒ ရှိပါတယ်။”

ကရင်လက်နက်ကိုင်အဖွဲ့တွေကြားမှာ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်ငြိမ်းချမ်းရေးကောင်စီ (KNLA/PC)၊ ဒီမိုကရေစီ အကျိုးပြုကရင် တပ်မတော် (DKBA) တပ်ဖွဲ့တွေဟာ စစ်ကောင်စီနဲ့ NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေ ဖြစ်ပါတယ်။

ကေခိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013