DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီ ဆိုက်ဘာလုံခြုံရေးဥပဒေ အင်တာနက်လွတ်လပ်ခွင့်ကို ပိုမိုခြိမ်းခြောက်လာ
DVB
·
January 3, 2025
စစ်ကောင်စီ ဆိုက်ဘာလုံခြုံရေးဥပဒေ အင်တာနက်လွတ်လပ်ခွင့်ကို ပိုမိုခြိမ်းခြောက်လာ
Donate to DVB

၂၀၂၅ ခုနှစ် ဇန်နဝါရီ  ၁ ရက်မှာ စစ်ခေါင်းဆောင် လက်မှတ်ရေးထိုး အတည်ပြုပြဋ္ဌာန်းလိုက်တဲ့ ဆိုက်ဘာလုံခြုံရေး ဥပဒေပါ အချက်အလက်တွေနဲ့ ပြစ်မှုပြစ်ဒဏ်တွေက လူထုရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ထက် ပြည်သူတွေရဲ့ အင်တာနက်လွတ်လပ်ခွင့်ကို ပိုပြီးခြိမ်းခြောက်လာတယ်လို့ စောင့်ကြည့်တဲ့ အရပ်ဖက်အဖွဲ့တွေနဲ့ ဥပဒေကျွမ်းကျင်သူတွေက ပြောပါတယ်။

အခြေခံလူ့အခွင့်အရေးတွေကို ချိုးဖောက်ပြီး စစ်ကောင်စီရဲ့အကျိုးကို ကာကွယ်ဖို့သက်သက် ပြဋ္ဌာန်းလိုက်တာလို့ ကမ္ဘာတဝန်း ဒစ်ဂျစ်တယ်နဲ့ လူ့အခွင့်အရေးဆိုင်ရာ ကာကွယ်တိုးမြှင့်ရေးအဖွဲ့ Access Now ရဲ့ အာရှပစိဖိတ် မူဝါဒရေးရာ လေ့လာသုံးသပ်သူ မြန်မာနိုင်ငံတာဝန်ခံ မဝေဖြိုးမြင့်က ပြောပါတယ်။

“အခြေခံလူ့အခွင့်အရေးတွေကို ဒီဥပဒေက ပြောင်ပြောင်တင်းတင်း ချိုးဖောက်တယ်လို့ကို ပြောလို့ရပါတယ်။ စကစပြဋ္ဌာန်းလိုက်တဲ့ ဒီဥပဒေနဲ့ အာဏာမသိမ်းခင်က ကျမတို့ ဖြစ်စေချင် မြင်ချင်ခဲ့တဲ့ ဥပဒေနဲ့က လုံးဝကို ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတဲ့ ဥပဒေ ပေါ်ထွက်လာတယ်လို့ ပြောလို့ရတယ်။ ရည်ရွယ်ချက်မှာဆိုရင်လည်း သူတို့က တရုတ်ရဲ့ ဆိုက်ဘာလုံခြုံရေးဥပဒေကို ပုံတူကူးချတယ်လို့တောင် ပြောလို့ရတယ်။ သူတို့မှာ နိုင်ငံတော်အချုပ်အခြာအာဏာကို မထိပါးဖို့တို့ဆိုတာ လူထုကို အဓိက FOCUS လုပ်တာတွေ မပါဘူးပေါ့။ ဝေဝေဝါးဝါးနဲ့ သူတို့ လိုသလိုသုံးလို့ရမယ့် ဦးတည်ချက်တွေနဲ့ စလုပ်တာလို့ ပြောလို့ရပါတယ်။”

ဆိုက်ဘာလုံခြုံရေးဥပဒေမှာ နိုင်ငံတော်လုံခြုံရေးနဲ့ ကာကွယ်ရေးကို ထိပါးလာရင် အစိုးရက သက်ဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းတွေကို ဝင်ရောက်စစ်ဆေး ထိန်းချုပ်နိုင်တယ်လို့လည်း ဖော်ပြထားပါတယ်။

ဒါ့အပြင် အင်တာနက်အသုံးပြုခွင့်ကို တင်းကျပ်ထားဆဲဖြစ်တဲ့ စစ်ကောင်စီက VPN ကို ထူထောင်ခြင်း၊ ဝန်ဆောင်မှုပေးခြင်းတွေကို ဝန်ကြီးဌာန ခွင့်ပြုချက်မပါဘဲ လုပ်ဆောင်မယ်ဆိုရင် ထောင်ဒဏ် ၆ လ သို့မဟုတ် ငွေဒဏ် ၁၀ သိန်းကနေ သိန်း ၁၀၀ ထိနဲ့ ဒဏ်နှစ်ရပ်လုံး ချမှတ်နိုင်တယ်လို့ ပုဒ်မ ၇၀ မှာ ပါရှိပါတယ်။

အသုံးပြုသူလို့ ဖော်ပြထားတာ မရှိပေမဲ့ လူထုကို ဝေဝါးအောင် လုပ်ဆောင်နိုင်တဲ့ အရေးအသား ဖော်ပြချက်မျိုး ဖြစ်တယ်လို့ ဥပဒေကျွမ်းကျင်ပညာရှင်တယောက်က သုံးသပ်ပါတယ်။

“တကယ်တမ်းက VPN ကို ထုတ်လွှင့်တဲ့သူ ဝန်ဆောင်မှုပေးတဲ့သူဆိုတဲ့ စကားလုံးကို သုံးထားတာ ဖြစ်တဲ့အတွက် ဒီနေရာမှာ ပြည်သူတွေအနေနဲ့ VPN ကို အသုံးပြုနေပါတယ်ဆိုတဲ့ အနေအထားမျိုး စကားလုံးမျိုး မပါတဲ့အတွက် ထင်ယောင်ထင်မှား ဖြစ်လာနိုင်သလို စစ်ကောင်စီအနေနဲ့လည်း ဒီ VPN နဲ့ပတ်သက်တဲ့ ဒီစကားလုံးအလွဲအမှားလေးအပေါ်မှာ ငွေညှစ်တာတွေ၊ ဖမ်းဆီးတာတွေ လုပ်လာနိုင်တယ်။”

စစ်ကောင်စီက အင်တာနက်အသုံးပြုသူတွေအပေါ် တရားစွဲဆိုတဲ့အခါ အရင်က အကြမ်းဖက် ဥပဒေပုဒ်မ ၅၀၅(က) လို နိုင်ငံရေးပုဒ်မတွေနဲ့ စွဲချက်တင် အရေးယူခဲ့တာဖြစ်ပြီး အခုမှာတော့ ဆိုက်ဘာလုံခြုံရေးဥပဒေအရသာ စီရင်မှာဖြစ်လို့ နိုင်ငံရေးအကျဉ်းသားတွေ လျော့နည်းသွားတာကိုပါ နိုင်ငံတကာကို ပြသပြီးသား ဖြစ်နိုင်ကြောင်းကိုလည်း သုံးသပ်သူတွေက ပြောပါတယ်။

ဒါ့အပြင် အခန်း ၄- ဗဟိုကော်မတီဖွဲ့စည်းခြင်း တာဝန်နဲ့ လုပ်ပိုင်ခွင့်များ ၆(က) မှာ ဥပဒေ ရည်ရွယ်ချက်တွေကို အကောင်အထည်ဖော်တဲ့နေရာမှာ ဒုသမ္မတ တဦးဦးကို ကော်မတီဥက္ကဋ္ဌအဖြစ် ခန့်အပ် တာဝန်ပေးထားတာ ဖြစ်ပါတယ်။

ဒီဖော်ပြပါအချက်ကလည်း ဥပဒေကြောင်းအရ မှားယွင်းနေကြောင်း ဥပဒေကျွမ်းကျင်ပညာရှင် တယောက်က ထောက်ပြ ပြောဆိုပါတယ်။

“အခု မင်းအောင်လှိုင်က ဒီဥပဒေကို ပြဋ္ဌာန်းတာမှာ ဒုသမ္မတဆိုတဲ့ စကားလုံးကိုလည်း သုံးထားတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဆိုပြီး အောက်မှာ လက်မှတ်ထိုးတားတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဒုသမ္မတအဆင့်တောင် မရှိဘူး၊ ဒုသမ္မတကို တာဝန်ပေးရမယ်ဆိုတာ ထည့်သုံးထားတာ ဖြစ်တဲ့အတွက် စကားလုံးနဲ့ စကားရပ်တွေက မှားယွင်းနေတယ်။ ဒုသမ္မတကို သူက တာဝန်ပေးရပါတယ်ဆိုတဲ့ စကားလုံးသည် ဒီဥပဒေအရ မှားကိုမှားနေတယ်၊ ဒါကြောင့်မို့ ဒီဥပဒေသည် ဥပဒေအရ ပြဋ္ဌာန်းခွင့်မရှိတဲ့ မင်းအောင်လှိုင်က အတည်ပြု ပြဋ္ဌာန်းထားတာ ဖြစ်တဲ့အတွက် အကျုံးမဝင်ဘူး။”

အခုလို ဥပဒေပြဋ္ဌာန်းလိုက်တာက တရုတ်ရဲ့ အင်တာနက်ကန့်သတ်မှု firewall တွေ စစ်ကောင်စီအနေနဲ့ အပြီးသတ် တပ်ဆင်ပြီးလို့ အခုလို အမြန်ထုတ်ပြန်တာ ဖြစ်နိုင်သလို စစ်ကောင်စီရဲ့ ကိုယ်ပိုင် VPN ဝန်ဆောင်မှုကို ရောင်းချချင်လို့လည်း ဖြစ်နိုင်တယ်လို့ နည်းပညာကျွမ်းကျင်သူတယောက်ကလည်း ပြောပါတယ်။

ဝေဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013