
ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးရင်း တွေ့တဲ့ အရပ်သား ၄ ယောက်ကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မတ် ၂၁ ရက် ညနေပိုင်း ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ထဲက ဝတ်ကုန်း၊ တုံးတောအထက်စု၊ ရှားတောစု စတဲ့ကျေးရွာတွေက အရပ်သား ၄ ယောက်ကို ဖမ်းခေါ်သွားတာလို့ ဆိုပါတယ်။
ဖြစ်စဉ်ကိုသိရှိတဲ့ ဒေသခံ အရပ်သားတယောက်က “ပဲနုတ်ပြီး ပြန်လာတဲ့ လယ်သမားတွေကို ဖမ်းခေါ်သွားတာလို့ သိရပါတယ်။ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က ဖမ်းခေါ်သွားတာ။ အမျိုးသားတွေချည်းပဲ” လို့ ပြောပါတယ်။
ဖမ်းဆီးခေါ်ခံရတဲ့ အရပ်သားတွေဟာ မင်းမင်းထွန်း အပါအဝင် ၄ ယောက်ဖြစ်ပြီး မိသားစုတွေနဲ့ အဆက်အသွယ်ပြတ်နေပြီး ဘယ်ကိုဖမ်းဆီးခေါ်သွားတယ်ဆိုတာ မသိဘူး ဖြစ်နေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ် အင်အား ၂၀ လောက်ရှိတဲ့ စစ်ကြောင်းက အရပ်သားတွေကို ဖမ်းဆီးခဲ့တဲ့အပြင် စစ်ကြောင်းထိုးနေတာကြောင့် လယ်ယာလုပ်ငန်းလုပ်နေတဲ့ ဒေသခံတွေ သစ်ခုတ်၊ ဝါးခုတ်၊ ထင်းခုတ်၊ မီးသွေးဖုတ်လုပ်ငန်းတွေနဲ့ လယ်ယာလုပ်ငန်းတွေ ကောင်းကောင်းမလုပ်ရဲ ဖြစ်နေကြတယ်လို့ သိရပါတယ်။
နောက်ထပ် ဒေသခံ အမျိုးသမီတယောက်က “အလုပ် ကောင်းကောင်းကို မလုပ်ရဘူး။ စစ်ကောင်စီတပ်သားတွေကို ရှောင်နေရတာ။ သူတို့လာတာနဲ့ အလုပ်လုပ်နေတာတွေ့ရင် PDF တွေ၊ အကြမ်းဖက်အဖွဲ့တွေကို မဝှက်ထားနဲ့ ပြော ဖမ်းတာ။ ကြောက်တယ်။ သူတို့(စစ်ကောင်စီ) တပ်က ဖမ်းချင်းဖမ်း ပစ်သတ်ချင် သတ်သေးတာ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ လေးမျက်နှာမြို့နယ်ထဲက ကျေးရွာတွေမှာ စစ်ကြောင်းထိုးနေတာအပြင် လယ်ယာလုပ်ငန်းခွင်တွေကို လက်နက်တွေနဲ့ပါ ပစ်ခတ်ခဲ့သေးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ရန်ကုန်တိုင်းကနေ ဧရာဝတီတိုင်းကို ပြန်လာတဲ့ အရပ်သား လူငယ် ၂ ယောက်ကိုလည်း စစ်ကောင်စီတပ်က အဓမ္မပေါ်တာဆွဲဖမ်းဆီးခဲ့တယ်လို့ ဖြစ်စဉ်ကို သိရှိတဲ့သူတွေဆီက သိရပါတယ်။
မတ် ၂၀ ရက် ညနေပိုင်း ရန်ကုန်၊ လှိုင်သာယာကနေ ဧရာဝတီတိုင်းကို ပြန်လာဖို့ လှိုင်သာယာ အဝေးပြေးကားဂိတ်မှာ ကားအထွက်ကို စောင့်နေချိန် စစ်ကောင်စီတပ်ရဲ့ အဓမ္မပေါ်တာဆွဲ ဖမ်းခေါ်ခံခဲ့ရတာလို့ သိရပါတယ်။
ဖြစ်စဉ်ကို သိရှိသူတယောက်က “စစ်ဆေးဖို့ရှိတယ်ဆိုပြီး ခေါ်ခံရတာလို့ သိရပါတယ်။ အိမ်စီးကားတစီးနဲ့ စစ်သားတွေက ဖမ်းခေါ်သွားတာ။ ဧရာဝတီတိုင်းဘက်ကို ပြန်ဖို့ ကားစောင့်နေတုန်း ဖမ်းခေါ်ခံရတာ။ ကောင်လေးတွေက အရမ်းကြောက်နေတဲ့ပုံ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ အဓမ္မပေါ်တာဆွဲခံရတဲ့ လူငယ် ၂ ယောက်ဟာ ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်ကနေ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်မှာ အလုပ်သွားလုပ်နေတဲ့ ကိုဝေယံနဲ့ ကိုမင်းသူ ဆိုတဲ့ လူငယ်အရပ်သားတွေ ဖြစ်တယ်လို့ သိရပါတယ်။
ပေါ်တာဆွဲခံရတဲ့ လူငယ် ၂ ယောက်ကို စစ်ကောင်စီတပ်က စစ်မှုထမ်းတပ်သားတွေ စုဆောင်းထားတဲ့ ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ဘက်မှာ တခြား စစ်မှုထမ်း စုဆောင်းခံထားရတဲ့သူတွေနဲ့အတူ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။










