
ကချင်ပြည်နယ်၊ ဗန်းမော်မြို့ထဲက မြို့နယ်ရဲစခန်းနဲ့ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) ရုံးတွေကို KIA နဲ့ ပူးပေါင်း တော်လှန်ရေးတပ်ဖွဲ့တွေက ဇန်နဝါရီ ၁ ရက်မှာ သိမ်းပိုက်ရရှိထားပြီလို့ ဗန်းမော်မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတဲ့ KPDF တပ်ဖွဲ့ကနေ သိရပါတယ်။
ဗန်းမော် စစ်မျက်နှာမှာ တိုက်ပွဲဝင်နေတဲ့ KPDF တပ်ဖွဲ့ဝင်တယောက် “မနေ့ကပေါ့နော်၊ စရဖရုံးကော၊ ရဲစခန်းတွေကော ရပြီဆိုပြီး သိရပါတယ်။ တိုက်ပွဲကတော့ နေတိုင်းလိုလိုဖြစ်နေတယ်၊ ဟိုမှာဖြစ်လိုက် ဒီမှာဖြစ်လိုက်နဲ့ အခြေအနေတော့ကောင်းပါတယ်” လို့ပြောပါတယ်။
ဗန်းမော်မြို့တွင်းနဲ့ မြို့ပတ်ဝန်းကျင်မှာ ဒီဇင်ဘာ ၃၀ ရက်ကစတင်ပြီး ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (KPDF) ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေအကြား မြေပြင်တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေပြီး စကခ ၂၁ အနီးပတ်ဝန်းကျင်မှာလည်း တိုက်ပွဲတွေ ဆက်ဖြစ်ပွားနေ ပါတယ်။
စစ်ကောင်စီတပ်ဘက်ကလည်း တိုက်ပွဲဖြစ်ပွားနေတဲ့ ပတ်ဝန်းကျင်တွေကို ဒရုန်း အပါအဝင် လေကြောင်းတိုက်ခိုက်မှုတွေ အပြင်းအထန် ပြုလုပ်နေလို့ ဗန်းမော်မြို့ပေါ်က ပြည်သူတွေရဲ့ နေအိမ်အများအပြားနဲ့ ဘာသာရေးဆိုင်ရာ အဆောက်အအုံတွေလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။
စစ်ကောင်စီက ဗျူဟာတခု တပ်စွဲထားတဲ့ နမ့်ဖား ဗန်းမော်တက္ကသိုလ်မှာလည်း စစ်ကောင်စီတပ်သားတွေက အသေခံပြီး ခုခံနေပေမဲ့ ဗန်းမော်တက္ကသိုလ်ဝင်းထဲက စစ်ကောင်စီ တပ်သားတွေ တပ်စွဲထားတဲ့ နေရာတွေကို KIA က သိမ်းပိုက်ရရှိထားပြီး ဆက်လက်တိုက်ခိုက်နေတယ်လို့ ရှေ့တန်း သတင်းရင်းမြစ်တယောက်ဆီကနေ သိရပါတယ်။
ဗန်းမော်မြို့ပတ်ဝန်းကျင်က စစ်ကောင်စီတပ်ဖြစ်တဲ့ သုံးမိုင် ဆေးတပ်၊ ထောက်ပို့တပ်နဲ့ ဆက်သွယ်ရေးတပ်စခန်း ပတ်ဝန်းကျင်မှာလည်း တိုက်ပွဲတွေ ဆက်ဖြစ်ပွားနေသလို ဖန်းခါးကုန်း ခမရ ၄၇ တပ်စခန်းကိုလည်း တိုက်ခိုက်နေဆဲဖြစ်တယ်လို့ ရှေ့တန်း သတင်းရင်းမြစ်တွေကနေ သိရပါတယ်။
မံစီမြို့အနီးက ကျန်ရှိနေတဲ့ ခမရ ၆၀၁/၃၁၉ တပ်စခန်းပတ်ဝန်းကျင်မှာလည်း လက်နက်ကြီး ပစ်ခတ်တာတွေ၊ မြေပြင်ပစ်ခတ်တိုက်ခိုက်တဲ့ အသံတွေကို ကြားနေရဆဲဖြစ်တယ်လို့ မံစီမြို့နယ်မှာ ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒေသခံက ပြောပါတယ်။