DVB Logo
Home
Lead Story
စမ်းချောင်းကလေးရဲ့ အို…. နှင်းဆီ
DVB
·
January 3, 2025
စမ်းချောင်းကလေးရဲ့ အို…. နှင်းဆီ
Donate to DVB

ဒီခေါင်းစဉ်လေးကိုရေးဖို့ စိတ်ကူးဖြစ်တာကတော့ အခြားမဟုတ်ပါဘူး။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဂျပန်သတင်းဌာနတခုဖြစ်တဲ့ NHK နဲ့ အင်တာဗျူးက စတာပါ။ ဒါပေမဲ့ ကျမ မရေးဖြစ်ခဲ့ပါဘူး။ တကယ်တမ်း ရေးဖြစ်တာက The interpreter မှာ ရေးထားတဲ့၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ ဆောင်းပါးလို့ ပြောရမလား၊ Expert Opinion လို့ ပြောရမလား၊ ခေါင်းစဉ်က In defence of Aung San Suu Kyi ဆိုပြီး ပေးထားတယ်။ ဒေါ်အောင်ဆန်းစုကြည်အတွက် ထုချေခြင်းလို့ ပြောရမယ်ထင်ပါတယ်။ အဲဒါလေးကို ဖတ်ပြီးတဲ့ အချိန်မှာ ရေးဖို့စိတ်ကူး ဖြစ်လာတာပါ။ In defence of Aung San Suu Kyi ရေးတဲ့သူကတော့ ယူကေနိုင်ငံရဲ့ ထိုင်းနိုင်ငံဆိုင်ရာ သံအမတ်ကြီးဖြစ်ခဲ့တဲ့ ဒဲရစ်တွန်ကင် (Derek Tonkin) ဖြစ်ပါတယ်။

ဘယ်အကြောင်းအရာနဲ့ စထားလဲဆိုတော့ ၂၀၂၃ ခုနှစ်မှာ ယူကေနိုင်ငံမှာရှိတဲ့ the Brighton and Hove City Council ကနေပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၁ ခုနှစ်အတွက် ပေးထားတဲ့  Freedom of the City Award ကို ရုပ်သိမ်းတယ်ဆိုပြီး ကြေညာခဲ့တဲ့အကြောင်းနဲ့ စထားပါတယ်။ အဲဒီမှာရေးထားတာက ဒီလို ကြေညာတဲ့အကြောင်း မထုတ်ပြန်ခင်မှာ အစည်းအဝေးတခု ခေါ်တယ်ဆိုတဲ့ အကြောင်းနဲ့၊ အစည်းအဝေးခေါ်ပြီးတော့မှ ဒီဆုကို ရုပ်သိမ်းမယ်ဆိုတာမျိုး ဆုံးဖြတ်ခဲ့တယ်ဆိုတဲ့ အကြောင်းတွေပါ။ လေဘာပါတီက Councillor Bella Sankey က ဦးဆောင်ပြီး လုပ်တယ်လို့ ဖော်ပြထားပါတယ်။ သူ့ကိုထောက်ခံတဲ့ အဖွဲ့ကလည်း ၅၀ လောက် ရှိတယ်လို့ ဆိုပါတယ်။

အဓိက အစည်းအဝေးခေါ်ရတဲ့ အကြောင်းအရင်းကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ပေးခဲ့တဲ့ Freedom of the City Award ကို ရုပ်သိမ်းရေး ဆုံးဖြတ်ချက်ချဖို့ ဖြစ်ပါတယ်။ သူတို့ စွပ်စွဲထားတာက မြန်မာနိုင်ငံမှာ ethnic cleancing ဖြစ်နေတယ်။ ဒါကိုတားဆီးဖို့ ပျက်ကွက်တယ်ဆိုတဲ့ စွပ်စွဲချက်ဖြစ်ပါတယ်။ စာပုဒ်တခုမှာဆို Presided over လို့ သုံးထားတယ်။ ဒီလို လူမျိုးတုံးသတ်ဖြတ်မှုမှာ အဓိကတာဝန်ရှိသူဖြစ်တယ်ဆိုတဲ့ ပုံစံမျိုးအထိ စွပ်စွဲထားပါတယ်။ ဒါကြောင့်မို့လို့ သူ့ကို အပြစ်ပေးတဲ့အနေနဲ့ ဒီဆုကို ရုပ်သိမ်းတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဆုကိုရုပ်သိမ်းဖို့ ဆုံးဖြတ်ခဲ့တဲ့ အစည်းအဝေးရဲ့ကြာချိန်က ၁၈ မိနစ်လို့ သိရပါတယ်။ စာရေးသူ ထောက်ပြတဲ့အချက်က ဒီလောက်အချိန်တိုတိုလေးအတွင်းမှာ လူတယောက်ကို ဒီလောက်ကြီးမားတဲ့ အပြစ်မျိုး ကျူးလွန်တယ်လို့ ဆုံးဖြတ်လိုက်ကြတာမျိုးက ဖြစ်သင့်ရဲ့လား ဆိုတဲ့အချက်ပါ။

သံအမတ်ကြီးကတော့ လူတယောက်ကို အပြစ်ရှိကြောင်း ဝေဖန်တော့မယ်ဆိုရင် သူ့မှာ ဘာအခက်အခဲ ရှိနေသလဲ ဆိုတာကိုတော့ သိအောင်ကြိုးစားသင့်တယ်လို့ ထောက်ပြထားပါတယ်။ “သူ” ဆိုတာ ဒေါ်အောင်ဆန်းစုကြည်ကို ပြောတာပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်တပ်နဲ့ကြားထဲက ဆက်ဆံရေးက ဘယ်လောက်အထိ အက်ကြောင်းထင်နေသလဲ ဆိုတာတွေကိုလည်း ထည့်တွက်သင့်တယ်၊ အဲဒီတုန်းက ဒေါ်အောင်ဆန်းစုကြည် ဘယ်လောက်ခက်ခဲခဲ့မလဲဆိုတာ ရှည်ရှည်ဝေးဝေး ပြောစရာမလိုဘူး၊ အခု သူထောင်ထဲရောက်သွားတာကြည့်ရင် သိနိုင်ပါတယ် ဆိုပြီးလည်း ထောက်ပြထားပါတယ်။

ပြီးတော့ သံအမတ်ကြီး ဒဲရစ်တွန်ကင်က အယ်လင်ကလဲမင်း (Alan Clements) ရဲ့စာအုပ်ကို သူညွှန်းထားပါသေးတယ်။ Alan Clements က အမေရိကန်နိုင်ငံက Buddhist scholar တယောက်ပါ။ “Burma’s Voices of Freedom” ဆိုတဲ့စာအုပ်ကို ရေးတဲ့သူလို့ ပြောရင်လည်း မမှားပါဘူး။ ဒီစာအုပ်ထဲမှာဆိုရင် ဆောင်းပါးတွေရော၊ အင်တာဗျူးတွေရော၊ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့ စကားတွေရော၊ နောက် ဦးဝင်းထိန်တို့နဲ့တွေ့ပြီး ပြောခဲ့တာတွေအထိ ဖော်ပြထားပါတယ်။

အဲဒီစာအုပ်ထွက်လာတဲ့အချိန်မှာ ထူးခြားချက်တခုကတော့ တချိန်က ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်ခဲ့ကြတဲ့ အနောက်နိုင်ငံက လူအများအပြားက အတော်လေး အံ့ဩသွားတယ်ဆိုတဲ့ အချက်ပါ။ တနည်းအားဖြင့် “ဪ.. ဒီလိုလား” ဆိုတာမျိုးအထိ ဖြစ်သွားပါတယ်တဲ့။  အနောက်နိုင်ငံကလူတွေ မေ့နေတာက အဲဒီကာလမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသားရင်ကြားစေ့ရေးမူနဲ့ သွားနေတယ် ဆိုတဲ့အချက်ပါ။ အမှန်တော့ ဒီနေ့အထိ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အကြောင်းအရာတွေ တော်တော်များများက စစ်တပ်နဲ့ စစ်အာဏာရှင်တွေဆီမှာ အကြောင်းခံပါတယ်။ ဒါပေမဲ့ အဲဒီတုန်းက ရခိုင်မှာ ပြဿနာတွေ စပြီဆိုတော့ ဒီပြဿနာရဲ့ အရင်းအမြစ်က ဘယ်ကလာတာလဲဆိုတာကို တိတိကျကျ သိတဲ့လူက အင်မတန်နည်းပါတယ်။ ဒါကို ကြုံကြိုက်လို့ ဖြစ်လာတဲ့ ပြဿနာတခုလို့သာ အများစုက မြင်ကြပါတယ်။ နိုင်ငံရေးကို သေသေချာချာ နားလည်တဲ့သူ၊ သမိုင်းကြောင်းကို ထဲထဲဝင်ဝင် နားလည်တဲ့သူတွေလောက်သာ ဖြစ်ရိုးဖြစ်စဉ်မဟုတ်ဘူး.. ဒီနောက်ကွယ်မှာ တခုခုရှိနိုင်တယ် ဆိုတာကို စဉ်းစားနိုင်တဲ့ အနေအထားမျိုးပါ။ ဒီကိစ္စ ဘယ်လိုဖြစ်လာတယ်ဆိုတာ အတိအကျ မသိနိုင်သလို အထောက်အထားပြဖို့ကလည်း အတော်ခက်ပါတယ်။

ဒါကြောင့် ဒီကိစ္စနဲ့ပတ်သက်ပြီး တခုခုပြောမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်က အရမ်းသတိထားတာ တွေ့ရပါတယ်။ ဆိုလိုတာ တခုခုပြောလိုက်တဲ့အခါ ဒီလိုပြောတာကို စစ်တပ်ဘက်က သဘောမကျတာမျိုး ဖြစ်နိုင်သလို နှစ်ဖက်လူ့အဖွဲ့အစည်းတွေကြားထဲမှာ နားလည်မှုလွဲသွားနိုင်တာမျိုးလည်း ဖြစ်နိုင်တယ်ဆိုတဲ့ ယူဆချက် ဒေါ်အောင်ဆန်းစုကြည်မှာ ရှိနေခဲ့ပါတယ်။ ဒီလိုလွဲသွားရင် ပြဿနာပိုကြီးထွားလာမှာကို ချင့်ချိန်နေခဲ့ပုံလည်း ရပါတယ်။ ဘာကြောင့်လဲဆိုတော့ တခုခုဖြစ်လာရင် ဒါကို ကြီးထွားအောင်လုပ်နိုင်တဲ့ မဘသလို  အုပ်စုကြီးကလည်း စစ်တပ်နောက်မှာ ရှိနေတယ် ဆိုတာကိုလည်း မေ့ထားလို့မရပါဘူး။  လူမျိုးရေးပြဿနာအဖြစ် ပုံဖော်ပြီး သွေးချောင်းစီးမယ့် အဖြစ်မျိုး မရောက်အောင် အတတ်နိုင်ဆုံး ကြိုးစားခဲ့တယ်လို့ ယူဆပါတယ်။ ဒါကတော့ သံအမတ်ကြီး ဒဲရစ်တွန်ကင်ရဲ့ ရေးသားချက်အပေါ် ထပ်ဆင့်ခံစားမိတာလေးပါ။

၂၀၂၄ ခုနှစ်မှာ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၉ နှစ်မြောက် မွေးနေ့မှာတော့  အီတလီနိုင်ငံက  ဒေါ်အောင်ဆန်းစုကြည်ကို ဆုတခုပေးလိုက်တာကို သတိပြုမိပါတယ်။ ဒီဆုက ပြီးခဲ့တဲ့နှစ်တွေတုန်းက ဒေါ်အောင်ဆန်းစုကြည်အပေါ် ဆုတွေရုပ်သိမ်းတာ၊ ဝေဖန်ပြစ်တင်ခဲ့တာတွေ ကြားထဲက ခဲရာခဲဆစ် ပြန်ရလာတဲ့ စာနာနားလည်မှုနဲ့ အားပေးကူညီမှုတခုလို့ မြင်မိပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် အဲဒီတုန်းက ဆုပေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်း (Kim Aris) ပြောသွားတဲ့အထဲမှာလည်း အဲဒီအချက်ကို တွေ့လိုက်ရတယ်။ “သူတခုခုပြောလိုက်လို့ သွေးမြေကျတဲ့ဖြစ်ရပ်တွေ ဖြစ်လာမှာမျိုးကို အမေက မလိုလားဘူး” လို့ ပြောသွားတာပါ။

ကျမ အမြင်ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့အခါမှာ အတတ်နိုင်ဆုံး သူ ထိန်းထိန်းသိမ်းသိမ်း ပြောခဲ့တယ်လို့ပဲ မြင်ပါတယ်။ မပြောခဲ့တာတော့ မဟုတ်ဘူး။ သူများတွေ ပြောစေချင်သလောက် သူ မပြောခဲ့တာပဲ ရှိပါတယ်။ အယ်လ်ဂျာဇီးယား သတင်းဌာနနဲ့ အင်တာဗျူးတခုမှာ ဒေါ်အောင်ဆန်းစုကြည်က “လူတွေဟာ မေ့တတ်ကြတယ်” (Human memory are short) လို့ ပြောသွားတယ်။ သူ ဘာကိုရည်ညွန်းတာလဲ ဆိုတာကို အယ်လင်ကလဲမင်းရဲ့ စာအုပ်ထဲမှာပါတဲ့အချက်က ညွှန်းဆိုနေပါတယ်။ တကယ်တော့  ၂၀၁၂ နောက်ပိုင်း သူ ပြင်ပကမ္ဘာနဲ့ အဆက်အသွယ် ပြန်ရတဲ့အချိန် သူ့ခရီးစဉ်တွေမှာ သူနဲ့ စစ်တပ်နဲ့ ဆက်ဆံရေး အနေအထား၊ သူ ဘာတွေ ကြုံတွေ့နေရတယ် ဆိုတာကို အနောက်နိုင်ငံက နိုင်ငံရေးသမားတွေကို အတွင်းစကား ပြောခဲ့တာတွေ ရှိပါတယ် ဆိုတဲ့အကြောင်း အယ်လင်ကလဲမင်းရဲ့ စာအုပ်ထဲမှာ ဖော်ပြထားတာ တွေ့လိုက်ရတဲ့အတွက်ပါ။

ဒါနဲ့ပတ်သက်ပြီး အယ်လင်ကလဲမင်းနဲ့ ဦးဝင်းထိန်နဲ့ တွေ့တဲ့အချိန်မှာလည်း ဦးဝင်းထိန်က “အခုဖြစ်နေတဲ့ကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဖွင့်ပြောလို့မကောင်းလို့ မပြောဘဲ နေတာတွေ ရှိတယ်၊ ဆိုလိုတာက ဖွင့်ရှင်းလိုက်ရင် နိုင်ငံတကာက နားလည်ကောင်း နားလည်သွားနိုင်ပေမဲ့ ပြည်တွင်းမှာတော့ မလိုလားအပ်တဲ့  ရိုက်ခတ်မှုတွေ ရှိလာနိုင်တယ်၊ စစ်တပ်နဲ့ သူနဲ့ကြားမှာလည်း ပိုပြီး ကွဲပြဲသွားလိမ့်မယ်၊ အဲဒီလို ကွဲပြီဆိုရင် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ လမ်းကြောင်းမှာပါ အန္တရာယ်ကျရောက်လိမ့်မယ်၊ ဒီအတွက် ချင့်ချိန်နေရတယ်” ဆိုတဲ့အကြောင်း ဖော်ပြထားပါတယ်။ ကျမအမြင်ကတော့ ဒီကိစ္စကြောင့် အာဏာကောက်သိမ်းသွားတာမျိုး ဖြစ်စေချင်ပုံမရဘူး၊ အာဏာသိမ်းရင် တိုင်းပြည်နာမယ်ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုးက ကြိုမတွေးဘဲ မနေပါဘူး။

ဒါပေမဲ့ တချို့ကကျတော့ သူတို့ပြောစေချင်တဲ့အတိုင်း မပြောခဲ့တဲ့အတွက် သူ့ကို အပြစ်တင်ကြပါတယ်။ ပြင်းပြင်းထန်ထန်လေး ဝေဖန်ကြတယ်။ အီတလီက ဆုပေးပွဲနေ့က ကိုထိန်လင်းပြောတဲ့ စကားတခုရှိပါတယ်။ “လူတွေက အထူးသဖြင့် အနောက်နိုင်ငံတွေက  မီဒီယာတွေက အမေ့ကို စစ်တပ်က ဂျီနိုဆိုက် ကျူးလွန်ပါတယ်ဆိုတာမျိုး ပြောစေချင်တယ်။ ဂျီနိုဆိုက် ကျူးလွန်လား မကျူးလွန်လား အမေမသိပါဘူးတဲ့”။ ဒါကလည်း လက်တွေ့ကျတယ်လို့ မြင်ပါတယ်။ ဂျီနိုဆိုက် ကျူးလွန်တယ်၊ မကျူးလွန်ဘူးဆိုတာ ဒေါ်အောင်ဆန်းစုကြည်က ပြောလို့ မရပါဘူး။ ဒါက တရားရုံးရဲ့ အလုပ်၊ တရားရုံးကပဲ ဆုံးဖြတ်ရမှာလို့ မြင်ပါတယ်။

နောက်တခုက ICJ ကိစ္စကိုလည်း ဖော်ပြထားပါတယ်။ အဲဒီကိစ္စမှာဆိုရင်လည်း တချို့လူတွေက ဒေါ်အောင်ဆန်းစုကြည် ထွက်ပြီးတော့ တရားရင်ဆိုင်မှာ မဟုတ်ဘူးလို့ ပြောကြတယ်တဲ့။ ဒါပေမဲ့ တကယ်တမ်းမှာ သူထွက်ပြီးတော့ ရင်ဆိုင်တယ်။ တကယ်တော့ ဒီလိုရင်ဆိုင်တာကလည်း သူ့နိုင်ငံရဲ့ ဂုဏ်သိက္ခာကို သူထွက်ပြီးတော့ ကာကွယ်တဲ့သဘောပါပဲ။ တချို့ကတော့ ဒါဟာ စစ်တပ်ကို ကာကွယ်တယ်လို့ ပုံဖော်ကြပါတယ်။ သူ့ရဲ့သဘောထားကို နားလည်တာ ပြည်သူလူထုပဲ ရှိပါတယ်။ အထူးသဖြင့် နိုင်ငံတကာအသိုက်အဝန်းဟာ သူ့အပေါ် အတော်လေး အထင်လွဲခဲ့ကြတာပါ။ တနည်းအားဖြင့် ပြည်သူတွေမြင်တဲ့အမြင်နဲ့ နိုင်ငံတကာ မြင်တဲ့အမြင်က လုံး၀ကွဲလွဲနေတယ်လို့ သူရေးထားတယ်။

ဥပမာ Bob Geldof ဆိုရင်လည်း သူကိုယ်တိုင် ဆယ်လီ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ၊ ပရဟိတသမား၊ သူကိုယ်တိုင်ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို တော်တော်လေး အပုပ်ချတဲ့ သဘောမျိုး တွေ့ရတယ်။ ဘယ်လောက်အထိ  ပြောခဲ့သလဲဆိုတော့ “handmaiden to genocide” ပြောခဲ့တဲ့ အဆင့်အထိ ရောက်သွားတယ်။ ဂျီနိုဆိုက် ကျူးလွန်ဖို့ အထောက်အပံ့ပေးတဲ့သူ ဆိုတာမျိုးအထိ အဓိပ္ပာယ်ဖွင့်လို့ ရနိုင်မယ်ထင်ပါတယ်။ ဒါတွေက တကယ်တော့ မှားနေတယ် ဆိုတာကို သံအမတ်ကြီး ဒဲရစ်တွန်ကင်က ထောက်ပြထားပါတယ်။ ကျမကိုယ်တိုင်ကတော့ သူတို့ပြောသလို ဒေါ်အောင်ဆန်းစုကြည်သာ ပါဝင်ပတ်သက်နေခဲ့မယ်ဆိုရင် စစ်တပ်ဟာ တဖက်လှည့်နဲ့ ထုတ်ရှိုးလိုက်တာ ကြာပြီဆိုတဲ့အတွေးမျိုး တွေးမိတာပါပဲ။

နောက်တခုကတော့ ဆိုရှယ်မီဒီယာမှာတင်ထားတဲ့ ပို့စ်လေးတခု အကြောင်းပါ။ ပို့စ်က ၂၀၂၁ ခုနှစ် ဇွန်လကတည်း တင်ထားတဲ့ပို့စ် ဖြစ်ပါတယ်။ ရေးတဲ့သူက Brenna Gonderman ဆိုတဲ့ အကောင့်ကပါ။ အမေရိကားက independent thinker တယောက်လို့ သိရပါတယ်။  ဒေါ်အောင်ဆန်းစုကြည်ကို သူနားလည်တယ်ဆိုတဲ့အကြောင်း ရေးထားတဲ့ ပို့စ်လေးတခုကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇွန်လကတည်းက သူတင်ထားတာ တွေ့ပါတယ်။ သူ့ရဲ့ Profile မှာကိုက   ဒေါ်အောင်ဆန်းစုကြည်ရယ်၊ ဒေါက်တာမိုက်ကယ်အဲရစ်ရယ်၊ နို့စို့အရွယ် ကလေးငယ်လေးနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံကို တင်ထားတာ တွေ့တော့တယ်။ ဒါနဲ့ သူဘယ်သူပါလိမ့်ဆိုတဲ့ အတွေးနဲ့ သူ့ရဲ့ Facebook Profile ကို ဝင်ကြည့်မိတော့ ဒီမိုကရေစီရေးအတွက် လှုပ်ရှားနေသူတဦး ဖြစ်တယ်လို့ သိပါတယ်။ စာရေးသူတယောက် ဆိုရင်လည်း မမှားပါဘူး။ စစ်အာဏာသိမ်းပြီးတော့ ဒေါ်အောင်ဆန်းစုကြည် အဖမ်းခံထားရတော့မှ ဒီပို့စ်ကို သူရေးခဲ့ပုံရပါတယ်။

သူက ဘာလိုရေးလဲဆိုတော့ “ဒေါ်အောင်ဆန်းစုကြည်ကို စစ်အုပ်စုတွေက မတရားလုပ်နေပြီ၊ ဒါကို ကမ္ဘာကြီးက လက်ပိုက်ကြည့်မနေသင့်ဘူး” တဲ့။ သူ့ရဲ့ပို့စ်က ကျမကို   အံ့အားသင့်သွားစေတာတော့ အမှန်ပဲ။ အောက်က မှတ်ချက်တွေထဲမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဘက်က ရပ်တည်ပြောတယ်ဆိုပြီး သူ့ကို ဝေဖန်တိုက်ခိုက်တာတွေလည်း တွေ့ရပါတယ်။ သူ့ရဲ့ ထူးခြားချက်က အဲဒီလူတွေကို စိတ်မဆိုးဘဲ ပြန်ရှင်းပြနေတာပါ။ Youtube က လင့်ခ်တခုကိုလည်း ကိုးကားထားပါသေးတယ်။ အဲဒီ Youtube Video File က ဒေါ်အောင်ဆန်းစုကြည် အမေရိကန်နိုင်ငံကို ရောက်လာစဉ်က သူ့မှာ ဖွဲ့စည်းပုံဥပဒေဆိုင်ရာ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့အကြောင်း ပြောပြနေတဲ့ Video File ပါ။ “သူ ယူအက်စ်ကို လာတုန်းက သူ့အခက်အခဲတွေ သူပြောပြသွားတယ်လေ။ ပြန်နားထောင်ကြည့်ပေးပါ” တဲ့၊ သူက စိတ်အေးလက်အေးပဲ လက်ခံအောင် ပြန်ရှင်းပြတယ်။ အဲဒီတော့မှ ကျမလည်း နားထောင်ဖြစ်သွားတယ်။ နယူးယောက်မှာ ၂၀၁၆ စက်တင်ဘာတုန်းက သူပြောခဲ့တဲ့ မိန့်ခွန်းပါပဲ။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီဗီဒီယိုဖိုင်ထဲမှာ ပင်ပန်းနွမ်းနယ်နေပုံရပြီး စကားတွေတောင် ထစ်နေတာ တွေ့ရတယ်။ တချို့စကားလုံးလေးတွေဆို သူမေ့နေပုံပဲ။ ဇရာရဲ့ ထုထောင်းမှုကို ဒီကတည်းက ခံနေရပါပြီ။ ဒါပေမဲ့ ရာဇဣန္ဒြေတော့ အပြည့်ရှိပါတယ်။ အနည်းငယ်ဖျော့တော့နေတဲ့ သူ့ဟန်နဲ့ သူ့အမူအယာကြောင့် ဒီအရွယ်ကြီးရောက်မှ တိုင်းပြည်အာဏာ တစိတ်တပိုင်းလေးပေးပြီး အရှုပ်ထုပ်ကို ရှင်းခိုင်းထားသလားဆိုတဲ့ ခံစားမှုမျိုးကိုတောင် ကျမရလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဘက်ကတော့ စစ်တပ်ကို သိက္ခာရှိတဲ့စစ်တပ်လည်း ဖြစ်စေချင်ခဲ့ပုံရတယ်။ စစ်တပ်မပါဘဲ၊ စစ်တပ်နဲ့ ရန်ဖြစ်ပြီးလုပ်ရမယ့် အပြောင်းအလဲမျိုးကို ရှောင်ရှားလိုဟန်ရှိတယ်။ သူအတတ်နိုင်ဆုံး သည်းခံခဲ့တာတွေ တွေ့ရတယ်။ ဒီနေရာမှာ အိမ်နီးချင်းနိုင်ငံတချို့ရဲ့ ဒီမိုကရေစီကြောက် ရောဂါနဲ့ မြန်မာနိုင်ငံမှာ စစ်တပ်ရှိမှဖြစ်မယ်ဆိုတဲ့ အစွဲကိုလည်း သူ သတိထားခဲ့ဟန် ရှိပါတယ်။ ဒီအကြောင်းတွေကို ရေးမယ်ဆိုရင်တော့ ဆောင်းပါးတပုဒ် ထပ်ရေးရမယ် ထင်ပါတယ်။

နောက်ထပ်ပြောချင်တာတခုကတော့ ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၈ ခုနှစ်လောက်မှာ ဂျပန်သတင်းဌာန NHK နဲ့ လုပ်ခဲ့တဲ့ အင်တာဗျူးအကြောင်းပါ။ အဲဒီအချိန်မှာ သူ့ကို နိုင်ငံတကာက ဆုတွေ ရုပ်သိမ်းနေကြတဲ့အချိန်။ သတင်းဌာနက သတင်းသမားက ဆုတွေရုပ်သိမ်းတဲ့အပေါ် ဘယ်လိုခံစားရလဲလို့ မေးတဲ့အခါ သူပြောတဲ့စကားလေးကို ကျမ အမြဲအမှတ်ရနေမိတယ်။ သူက ဆုတွေရုပ်သိမ်းတဲ့အပေါ် သူ ဘာမှမပြောချင်ပါဘူးတဲ့။ ဒီအပေါ်မှာ သူ ခံလည်းမခံစားပါဘူးတဲ့။ တခုပါပဲတဲ့၊ သူက မိတ်ဆွေတွေလို့ သတ်မှတ်ထားတဲ့လူတွေဟာ သူ့အပေါ်မှာ ခိုင်မာမှုမရှိကြတာ၊ သူ့ကို နားလည်မပေးနိုင်ကြတာတွေအတွက်ပဲ သူစိတ်မကောင်းဖြစ်တာပါတဲ့။” ဒီစကားလေးကို ကြားရတော့ စိတ်ထဲအတော်မကောင်းဘူး။ သူကဆက်ပြောတယ်။ ကျမအမြင်ကတော့ “Friendship means understanding” ပါပဲတဲ့။ မိတ်ဆွေဆိုတာရဲ့ အနှစ်သာရက တယောက်ကို တယောက် နားလည်နိုင်ခြင်းလို့ ဆိုလိုချင်ပုံရပါတယ်။ “ကိုယ့်အထင်နဲ့ ကိုယ် ဆုံးဖြတ်တာမျိုးထက် နားလည်ပေးနိုင်ဖို့ ကြိုးစားသင့်တယ်လို့ သူပြောချင်ပုံရတယ်၊ ဆုတွေဆိုတာကတော့ ဒီလိုပဲ လာလိုက်သွားလိုက်ပါပဲ” ဆိုတဲ့ စကားလေးနဲ့ပဲ အနိစ္စသဘောကို သူစောကြောပြခဲ့ဟန် တူပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က အဲလိုပြောတော့ ကျမ ဆယ်တန်းတုန်းက ဖတ်ခဲ့ဖူးတဲ့ ကဗျာလေးတပုဒ်ကို သိရမိတယ်။ Alfred Lord Tennyson ရဲ့ The Brook ဆိုတဲ့ ကဗျာလေးပါ။ စမ်းချောင်းကလေးလို့ ကျမတို့ ဘာသာပြန်ပြီး နားလည်ထားတဲ့ ကဗျာလေးပေါ့။ အဲဒီတုန်းကတော့   ..

“I chatter, chatter, as I flow

To join the brimming river,

For men may come and men may go,

But I go on forever.” 

လို့ အော်ဆိုခဲ့ကြတယ်။ အဓိပ္ပာယ်နဲ့ အနှစ်သာရအပေါ်မှာတော့ သိပ်လေးနက်တာမျိုး မဟုတ်ဘူးပေါ့။ ဒီအင်တာဗျူးမှာ ဒေါ်အောင်ဆန်းစုကြည်က “Prize may come and prize may go” လို့ သုံးသွားတော့… ဒီကဗျာလေးကို သတိရမိသွားတာတော့ အမှန်ပါပဲ။ လူတွေကလည်း သွားလိုက်လာလိုက်နေကြမှာပဲ… ဒါပေမဲ့ စမ်းချောင်းလေးကလည်း သူ့ဘာသာသူ စီးဆင်းမြဲ စီဆင်းနေမှာပါလို့ တတ်သလောက် မှတ်သလောက်လေး ဘာသာပြန်ပြီး ခံစားကြည့်မိတယ်။

ကျမ နားလည်တာကတော့ ဆုတွေဆိုတာကတော့ သူပြောသလို ပေးချင်ရင်လည်း ပေးကြမှာပဲ။ ရုပ်ချင်ရင်လည်း ပြန်ရုပ်သိမ်းကြမှာပဲ။ အရေးကြီးတာက လူဟာ ကိုယ့်တန်ဖိုးကိုယ်သိပြီး ကိုယ့်အလုပ် ကိုယ်လုပ်နေဖို့ပါ၊ ကိုယ်ယုံကြည်ရာကို ကိုယ်မဆုတ်မနစ် လုပ်ကိုင်နေဖို့ပါ။ ကိုယ့်ရဲ့ဖြစ်တည်မှုကို ကိုယ်ပြန်ရှာတွေ့ဖို့နဲ့ အဲဒီဖြစ်တည်မှုအတွက် အမြဲတမ်း ဂုဏ်ယူနေနိုင်ဖို့ပါ။ အမှန်တရားအတွက် အာဏာရှင်တွေကို အသက်နဲ့ရင်းနှီးပြီး တိုက်ပွဲဝင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အဲဒီဝိသေသ လက္ခဏာတွေကို ပိုင်ဆိုင်ထားသူတယောက် ဖြစ်ပါတယ်။ ကျမအမြင်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ Alfred Lord Tennyson ရဲ့ The brook လို့ ပြောလို့ရသလို ကျမတို့ မြန်မာပြည်သူတွေအတွက်လည်း အမြဲလေးစားမြတ်နိုးရတဲ့ သံမဏိနှင်းဆီ တပွင့်လို့ မြင်မိတာပါပဲ။

ယမင်းမြတ်အေး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013